နှစ်ရက်အတွင်း ပြည်သူ ၁၉ဦး သတ်ဖြတ်ခံရခြင်းဖြစ်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ ၆ဦးအား သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသား ၆ဦးမှာ မတ္တရာမြို့နယ် ကင်းကျေးရွာနှင့် သရက်ကိုင်းကျေးရွာက စစ်ဘေးရှောင် ပြည်သူများဖြစ်ပြီး ၎င်းတို့အား စစ်တပ်က နိုဝင်ဘာ၁၇ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သရက်ကိုင်းဘက်ကို စစ်ဘေးရှောင်ရင်းနဲ့ လမ်းမှာ စကစစစ်ကြောင်းနဲ့တိုးတာ။ အဲမှာ ၆ ယောက်က အမျိုးသားတွေပဲဖြစ်နေတော့ မသင်္ကာတာနဲ့ သူတို့က စစ်ဆေးမေးမြန်းတာတောင် မရှိလောက်တော့ဘူး။ ပစ်သတ်လိုက်တယ်ထင်တယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
နိုဝင်ဘာ ၁၆ ရက်ကလည်း မတ္တရာမြို့နယ်၊ အောင်ကံသာရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အား စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်အတွင်းရှိ ပြည်သူ ၁၁ဦး သေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတစ်ဦးနှင့် ပတ်လည်အင်းကျေးရွာက ပြည်သူတစ်ဦးကိုပါ ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ရာ ထိုနေ့တစ်ရက်တည်း ပြည်သူ၁၃ဦး သတ်ဖြတ်ခံရသည်။
မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် နိုဝင်ဘာဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။
