အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပျူစောထီးစခန်းအား ဒေသတွင်း PDFများပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၅ ရက်) နံနက် ၉ နာရီ ၄၅မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့နောက် နံနက် ၁၁ နာရီ မိနစ် ၂၀ခန့်တွင် အဆိုပါစခန်းအား နာရီဝက်နီးပါးကြာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချတယ်။ စကစအထိုင်ချတပ်စွဲထားတဲ့ စခန်းပေါ်ကျတယ်။ ဒဏ်ရာရတဲ့ကောင်တွေကို ကားလေးစီးနဲ့ မန္တလေးနန်းတွင်းဘက်ကို ခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ နောက်ထပ်နှစ်လုံးချတယ်။ဒီကောင်တွေထွက်သွားတဲ့အချိန်မှာ အင်အားနည်းသွားတော့ဝင်လုံးဖို့စခန်းနားအထိဝင်ရောက်တိုက်ခိုက်ခဲ့တယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။
“သူတို့လည်း ပြန်ပစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲပါ။ ကိုယ့်ဘက်ကအထိခိုက်မရှိပါဘူး။ လက်နက်တော့ မသိမ်းနိုင်ခဲ့ပါဘူး။”ဟု ပုသိမ်ကြီး(ပကဖ)တာဝန်ရှိသူက ပြောသည်။
“သူတို့ဘန်ကာတစ်ခု ဖျက်ဆီးနိုင်ခဲ့တယ်။ အနီးကပ်ပစ်တာဆိုတော့ ကျဆုံးတာမျက်မြင်လည်းမြင်ခဲ့ရတယ်။ ဘန်ကာနှစ်ခုထဲကကောင်တွေ သေတယ်။ ခံပစ်တဲ့အဖွဲ့တွေလည်း သေတယ်။ အတွင်းသတင်းရတာက အကောင် ၂၀လောက်ကျတယ်။ ၁၁ကောင်လောက်ဒဏ်ရာရတယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့ဝင်က ပြောသည်။
စစ်ဆင်ရေးကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ကောင်းကင်တော်လှန်ရေးအင်အားစုနှင့်ရွှေဘိုခရိုင်ရင်း (၁၅)Eagle Guerilla Force မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မဟာမိတ်အဖွဲ့မှ ဒရုန်းတစ်စီးဆုံးရှုံးခဲ့၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မန္တလေးနန်းတွင်းမှစစ်ကောင်စီတပ်သားများ ရောက်လာပြီး သုံးဆယ်ပေးအနီးရှိ ကျေးရွာများသို့ ကုန်းကြောင်း၊ရေကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။