Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်ဆိုသည့် အပစ်ရပ် ၇ဖွဲ့၏ ကြေညာချက် PNLO သဘောထား မပါဟု ဥက္ကဋ္ဌ ခွန်သူရိန်တုံ့ပြန်

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

(PNLO ဥက္ကဋ္ဌ ခွန်သူရိန်။ဓါတ်ပုံ-PNLO/PNLA)
(PNLO ဥက္ကဋ္ဌ ခွန်သူရိန်။ဓါတ်ပုံ-PNLO/PNLA)

▪︎စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အပစ်ရပ်စာချုပ် NCA အတိုင်းသွားရန် ခက်ခဲဟု အသိပေး

နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ ကျော်လွှားနိုင်ရေး သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်း မည်ဟု အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ မျက်နှာစုံညီအစည်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဦးဆောင်ပြီး မတ်လ ၁၇ရက်၊ ၁၈ရက်များ၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေး ထုတ်ပြန်ချက်တွင် PNLO အမည်နာမကို ဖော်ပြခဲ့ရာ PNLO ဥက္ကဋ္ဌက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“ ဒီကနေ့ အစည်းအဝေးမှာ ကျနော်တို့ PNLO ရဲ့ သဘောထား မပါပါဘူး။ ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ သွားတာမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ PNLO ရဲ့ သဘောထား မဟုတ်ဘူးလို့ပဲ ဖြေကြားချင်ပါတယ်” ဟု ဥက္ကဋ္ဌ ခွန်သူရိန်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အစည်းအဝေးသို့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကဋ္ဌ တက်ရောက်ခြင်းမှာ ၎င်း၏ ပုဂ္ဂိုလ်ရေးအရ သွားရောက်သည်ဟု ပြောကြားလိုကြောင်း ခွန်သူရိန်က ပြောသည်။

လက်ရှိတွင် NCA စာချုပ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ခက်ခဲနေပြီဖြစ်ကြောင်း စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် PNLO ဥက္ကဋ္ဌက ပြောသည်။ PNLO/PNLAသည် ဇန်နဝါရီ လကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ဆီဆိုင်မြို့ကို သိမ်းပိုက်ထားသည်။

“ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက ကျနော်တို့ ပအိုဝ်းဒေသမှာ တိုက်ပွဲတွေဖြစ်ပြီးတော့ စစ်ကောင်စီဘက်ကနေ ပြီးတော့မှ လက်နက်ကြီး အကြိမ်ပေါင်း ထောင်ချီ၊ လေကြောင်း တိုက်ခိုက်မှုကလည်း ဗုံးအလုံးပေါင်း ရာချီ ကြဲချပါတယ်။ ကျနော်တို့ အိုးအိမ်ပျက်စီးမှုတွေကလည်း အများအပြားဖြစ်ပါတယ်” ဟု ခွန်သူရိန်က ပြောသည်။

ဆီဆိုင်၊ ဟိုပုံးမြို့နယ်များ၌ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုးအိမ် ထိခိုက်ပျက်စီးမှုများအပြင် လူထု ထိခိုက်မှု ၁၀၀ ဦးနီးပါး ရှိနေကြောင်း အသိပေးသည်။

“ဆီဆိုင်မြို့ကလည်း ပြာပုံသာသာ အနေအထားဖြစ်ပါတယ်။ လူထုထိခိုက်မှုကလည်း အယောက်ပေါင်း ၁၀၀ နီးနီးလောက်ရှိနေပါပြီ။ သေဆုံးတဲ့သူပေါ့။ ထိခိုက်ဒဏ်ရာရတဲ့သူလည်း အများအပြား ရှိပါတယ်။ အဲဒီတော့ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူကလည်း အယောက် သိန်းဂဏန်းကျော်ရှိပါတယ်။ ဒီအနေအထားအရဆိုရင် NCA လမ်းကြောင်း အနေနဲ့ ဆက်သွားဖို့ဆိုတာ မလွယ်ပါဘူး” ဟု ခွန်သူရိန်က ပြောသည်။

ဖိနှိပ်မှုကြောင့် အုံကြွတော်လှန်မှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရားဖြင့် ခြိမ်းခြောက် နေကြောင်း ၎င်းက ပြောသည်။

“ ဖိနှိပ်မှု ရှိသရွေ့ကတော့ တော်လှန်မှုက ရှိနေမှာပဲ ဖြစ်တယ်။ တရားမျှတမှု မရှိသမျှ ကာလပတ်လုံးကတော့ တော်လှန်မှုဆိုတာလည်း ပျက်သုဉ်း ပျောက်ဆုံးသွားမှာ မဟုတ်ဘူးဆိုတာကိုပဲ ပြောချင်ပါတယ်” ဟု ခွန်သူရိန်က ပြောကြားသည်။

ပအိုဝ်းအမျိုးသား ပြည်သူလူထုတစ်ရပ်လုံးသည် အမှန်ကို အမှန်တိုင်း မြင်ပြီး အမှန်တိုင်း ဝန်ခံရန်၊ အမှန်အတိုင်း ပြောရဲရန်လိုအပ်ကြောင်း ၊ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အာဏာရှင်လူတန်းစားများက ဝါဒမှိုင်းတိုက်ထား၍ တော်လှန်သူကို အပြစ်မြင်ပြီး ဖိနှိပ်သူကို အပြစ်မမြင်အောင် ဖန်တီးလာကြောင်း ၎င်းက ဆိုသည်။

“ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ကျနော်တို့ ပအိုဝ်းဒေသမှာ ကျနော်တို့ တော်လှန်လိုက်လို့ ခင်းဗျားတို့ တော်လှန်လို့ စစ်ကောင်စီကနေ အိုးအိမ်တွေကိုလာဖျက်ဆီးတာ ။ ခင်းဗျားတို့ မတော်လှန်ဘူးဆိုရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေကို ရိုက်သွင်းတာပဲဖြစ်ပါတယ်။ တကယ်လို့ ကျနော်တို့ မတော်လှန်ဘူးဆိုရင် ကျနော်တို့ တတွေ အားလုံးဟာ ထာ၀ရ ကျွန်ဖြစ်နေတော့မှာပဲ ဖြစ်ပါတယ်” ဟု ခွန်သူရိန်က ပြောသည်။

တရားမျှတမှု ပေါ်ပေါက်လာပါက တော်လှန်မှုက ပြီးမြောက်သွားမည်ဖြစ်၍ ပြည်သူလူထုများ စိတ်ဓာတ်ခိုင်မာကြရန် PNLO ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် RCSS၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် PNLO အဖွဲ့များသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံဆွေးနွေးနေသည့် အဖွဲ့များဖြစ်သည်။

ယင်း (၇)ဖွဲ့အနက် PNLOသည် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်ကို ပထမဆုံး ပြန်လည် တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ကို သိမ်းပိုက်ထားသည်။ ထို​နောက်ဆီဆိုင် ၊ဟိုပုန်းမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

NMSP အဖွဲ့သည်လည်း စစ်ကောင်စီကို လက်ခံသည့်အဖွဲ့နှင့် လက်မခံသည့်အဖွဲ့ဟူ၍ ကွဲကာ လက်ရှိတွင် NMSP စစ်အာဏာရှင်တိုက်ဖျက်ရေးဟု အမည်ဖြင့် ခွဲထွက်ပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

သတင်း

လတ်တလောတွင် KIAက ကချင်နှင့်ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ရေးရှေ့အလားအလာကို မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။