ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်လွယ်ဂျယ်မြို့ကို ယမန်နေ့တွင် ဝိုင်းရံပိတ်ဆို့ထားရာ လွယ်ဂျယ်ကို တရုတ်ဘက်က မတိုက်ရန် ဖိအားပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၇ ရက် နှင့် ၂၈ရက်နေ့များက လွယ်ဂျယ် – ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လွယ်ဂျယ်မြို့ကို မတ်လ ၂၉ ရက်မနက်တွင် ၀ိုင်းရံ ပိတ်ဆို့ကာ စစ်ကောင်စီတပ်သားနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ထွက်ခွာရန် အချိန်ပေးခဲ့ခြင်းဖြစ်သည်။

“လွယ်ဂျယ် အခြေအနေက ဝင်တိုက်ဖို့ အဆင်မပြေဘူး ဖြစ်နေတယ်။ တရုတ်ဖိအားကြောင့်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
တရုတ်က ဝင်မတိုက်ရန် ဖိအားပေးနေခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်ဖိအားပေး၍ ဝင်တိုက်၍ အဆင်မပြေဖြစ်နေသည်ဟု အတည်ပြုသည်။
မြန်မာ-တရုတ်နယ်စပ်မြို့ ဖြစ်သော လွယ်ဂျယ် မြို့တွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည်။မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်သီးနှံမျိုးစုံအဓိက တင်ပို့ ပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးသုံး၊စိုက်ပျိုးရေးသုံးကုန်ကြမ်းပစ္စည်းများအဓိကတင်သွင်းသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းလုံခြုံရေးကို ယောယုံဗျူဟာစခန်းမှ အဓိက ထိန်းချုပ်ထားပြီး KIA က ယောယုံဗျုဟာစခန်းကို မတ် ၂၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ဗန်းမော်ခရိုင် ၊မိုးမောက်မြို့နယ် ရှိ ၊လွယ် ဂျယ်မြို့မှာ လူဦးရေး တစ်သောင်းကျာ်နေထိုင်သည်။
KIA က ဖက်ဆစ်တော်လှန်ရေးနေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်းများကိုသိမ်းပိုက်ခဲ့သည်။

မတ် ၂၈ ရက်မှာ ယော်ယုံဗျူဟာစခန်း အပါအဝင် မဒါဘွမ် ၊လောမွန် ၊ ငါ့ဂရာန် စစ်တပ်စခန်းများကိုထပ်မံသိမ်းပိုက် ခဲ့သည်။ ထို့ကြောင့် ဗန်းမော်-လွယ်ဂျယ်လမ်းတွင်စိန်လုံ စစ်တပ်စခန်းသာကျန်ပြီး ၊လွယ်ဂျယ်မြို့ကိုလည်း KIA ကပိတ်ဆို့ ဝန်းရံထားပြီး စစ်ကောင်စီတပ်သားနှင့် စစ်ကောင်စီဝန်ထမ်းများကိုမြို့က ထွက်ခွာသွားရန်အချိန်ပေးထားကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။
KIA က လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်များကို ဝန်းရံပိတ်ဆို့ထားချိန်တွင် တရုတ်နိုင်ငံဘက်ခြမ်း တရုတ်နယ်စပ်ခြံစည်းရိုးပေါ်တွင် တရုတ်စစ်သားများက အနီရောင် ပိတ်စကို မြင်သာအောင်လိုက်ကာနေသည်ကိုလည်း လူမှုကွန်ယက်တွင်ပျံ့နှံနေသောရုပ်သံအချို့၌ တွေ့ရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်စစ်ကောင်စီဝန်ထမ်းများမှာတရုတ်ဘက်သို့ ဝင်ရောက်သွားကြကြောင်းလည်း ဒေသခံအချို့က ပြောသည်။သို့သော် လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါ ။
KIA၏ ထိုးစစ် ၌ အခက်အခဲများ၊ အခြားဖိအားများ ကြုံလာနိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး KIA ၏ သဘောထားကို အဖွဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။
KIAသည် မတ်လ ၇ရက်မှစ၍ စစ်ကောင်စီကို တပ်စခန်းများကို သိမ်းပိုက်သည့် ထိုးစစ်အရှိန်မြှင့်ခဲ့ရာ သုံးပတ်ကျော်အတွင်း တပ်စခန်းပေါင်း ၅၀ ကျော်သိမ်းပိုက်ထားပြီး တပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ ပါဝင်သည်။
တရုတ်အစိုးရ က KIA ကို အပစ်ရပ်စဲရေးလုပ်ဆောင်ရန် ဖိအားပေးလျက်ရှိသည်ဟု သတင်း အချို့ရရှိထားသော်လည်း ယင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ် ၃ဖွဲ့သည်လည်း ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ရှမ်းမြောက်ဒေသ၌ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့များကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေးကို ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့ရသည်။
အဆိုပါ အပစ်ရပ်စဲရေးအပေါ် မလွှဲမရှောင်သာ၍ အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်အသိပေးထားသည်။ သို့သော်ရက္ခိုင့်တပ်တော်က ချင်းပြည်နယ် ပလက်ဝ မြို့နယ် တစ်ခုလုံးနှင့် ရခိုင်းပြည်နယ် ရှိ မြို့များကို တစ်မြို့ပြီး တစ်မြို့ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။
(လွယ်ဂျယ်မြို့ အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ပြီး မြို့ကို ပိတ်ဆို့ ဝန်းရံထားသော KIA ၏တပ်ဖွဲ့ဝင်အချို့ / တရုတ်နယ်စပ်ဘက်ခြမ်းတွင် အနီရောင် အစရှည်ကို တရုစစ်သားများက ကာရံနေစဥ်/ လွယ်ဂျယ်မြို့တွင်း မြင်ကွင်းအချို့။ဓါတ်ပုံ-CJ)
