Connect with us

Hi, what are you looking for?

သတင်း

MNDAA အပစ်ရပ်ထားသော်လည်း လားရှိုးတွင် တိုက်ပွဲပြင်းထန်နေ

ကိုးကန့်တပ်မတော်(MNDAA)က အောက်ခြေတပ်ဖွဲ့များအား ထိုးစစ်ဆင်ခြင်းမပြုဘဲ ခုခံမှုသာ ပြုလုပ်ရန် ယခုလကုန်ပိုင်းအထိ အပစ်ရပ်စဲရေးညွှန်ကြားမှု ပြုလုပ်ထားသော်လည်း ယနေ့(ဇူလိုင် ၂၁)နံနက်တွင် လားရှိုးမြို့၌ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက အသိပေးထားသည်။

လားရှိုးမြို့ တနေရာ၌ ယနေ့နံနက်က တိုက်ပွဲဖြစ်နေစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ MNDAAက ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ ၁၃ရက်ကြာ အပစ်ရပ်ထားရန် တပ်မှူးများအား ညွှန်ကြားထားသော်လည်း ဇူလိုင် ၁၉ရက်မှ ယနေ့အထိ သုံးရက်ဆက် တိုက်ပွဲများ ဆက်ရှိနေခဲ့သည်။

Public Service Announcement

Public Service Announcement

MNDAA အနေဖြင့် ဇူလိုင် ၁၄ရက်ကလည်း ၄ရက်ကြာ အပစ်ရပ်ကြေညာမှုကို တရုတ်နိုင်ငံ၏ စိုးရိမ်မှုအရဟုဆိုကာ အောက်ခြေသို့ညွှန်ကြားထားခဲ့သော်လည် တိုက်ပွဲများဆက်ရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယနေ့ (ဇူလိုင် ၂၁ရက်) နံနက်တွင် လားရှိုးမြို့၌ စစ်ကောင်စီတပ်ရှိရာ ခမရ(၅၀၇)၊ ခလရ(၄၁) နှင့် ခလရ(၆၈)တပ်ရင်း နေရာများတွင် တိုက်ပွဲဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ယနေ့တွင် လားရှိုးမြို့အနီး စစ်ကောင်စီတပ်ရင်များတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

လားရှိုးမြို့နေရာအချို့၌ အဆက်အသွယ်များ ပြတ်တောက်နေပြီး မြို့ခံများ စစ်ရှောင်ရန် ထွက်ခွာနေမှုကိုလည်း ဒေသခံများက အသိပေးထားသည်။

ဒေသခံတစ်ဦးက လားရှိုးမြို့၏ ဇူလိုင် ၂၁ရက် အခြေအနေကို ရုပ်သံ ရိုက်ကူး အသိပေးပြောကြားထားရာ စစ်ကောင်စီတပ် သံချပ်ကာ ယာဉ်တစ်စီး အရှိန်နှင့် မောင်းနှင်လာမှု၊ စစ်ရှောင်ရန် ပြင်ဆင်နေသည့် ဒေသခံများ၏ ယာဉ်များ စီတန်းနေမှုကို တွေ့ရသည်။

” လားရှိုး ၂၁ရက် ၇လ၊ ၂၀၂၄ အခြေအနေပါ။ ရပ်ကွက်ထဲကရှိတဲ့လူတွေ တော်တော်များများ ထွက်နေပါပြီ။ မုဒ်ဦး၀မှာတော့ ပိတ်ထားပါတယ်။ သွားလို့ လုံး၀မရပါနော်။ တိုက်ပွဲတွေအရမ်းဖြစ်နေပါတယ်။ မုဒ်ဦး၀ကျော်တာနဲ့ တိုက်ပွဲ အရမ်းဖြစ်နေလို့ ဒီမှာ ကားတွေအကုန်လုံး တန်းထားတယ်။ အခုကတော့ မြို့ပြင်မှာ လေယာဉ် ကြဲလို့ဆိုပြီးမှ အကုန်လုံး ပြန်လှည့်လာတယ်။ မုဒ်ဦး၀ ကနေ အကုန်လုံး ပြန်လှည့်လာတယ်။ ကြည့်ပါအုံး ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေလဲဆိုတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးကန့်တပ်အနေဖြင့် ထိုးစစ်ဆင်ခြင်းမပြုရန် စစ်မြေပြင်တပ်ဖွဲ့များသို့ ညွှန်ကြားထားသော်လည်း လေကြောင်းရန် ကို ပြင်ဆင်ထားရန်နှင့် ခုခံကာကွယ်မှုကို လိုအပ်သလို ဆောင်ရွက်ရန်လည်း ညွှန်ကြားချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော