ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။
သြဂုတ် ၁၅ ရက်ကစတင်ခဲ့သည့် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာများအခက်အခဲရှိနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။
“မြို့နားအကုန်ပတ်ချာလည်ရှောင်ရတော့ စစ်ရှောင်က သောင်းဂဏန်းပတ်ချာလည်ရှိမယ်။ မြို့ပေါ်တွေရော ရွာနီးချုပ်စပ်တွေရော ပြေးရတာ။ ဒီပဲယင်းမြို့ပေါ်ပတ်ဝန်းကျင်နဲ့ ဒီပဲယင်းမြို့နားပတ်ချာလည်တွေ ပေါင်းလိုက်တော့ တော်တော်လေးများသွားတယ်။”ဟု ကိုစိုးမိုးအောင်က ပြောသည်။
ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ရှောင်စခန်းအများစုမှာ ရိက္ခာအခက်အခဲများ ပိုမိုကြုံလာရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
“ကျွန်တော်တို့ နည်းနည်း စိုးရိမ်စရာတစ်ခုရှိတာက ဟိုးတုန်းကလို နယ်တွေဘက်ထဲဝင်ပြီးတော့ တခါပြန်ပြီး စစ်ကြောင်းပြန်ထိုးမှာကိုတော့ စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်။ လက်ရှိကတော့ အခြေအနေကို စောင့်ကြည့်နေရတယ်။စစ်ကြောင်းထိုးမီးရှို့မှာကို စိုးရိမ်တာ။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။
စစ်ရှောင်ပြည်သူများမှာ ယခင်ကပြုလုပ်ပေးထားသည့် စစ်ရှောင်နေရာများ၌ ယာယီခိုလှုံနေရကြောင်း သိရသည်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သြဂုတ် ၁၈ရက်နံနက်ပိုင်းတွင် မြို့သိမ်းနိုင်ခဲ့သည်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ၊ ဌာနဆိုင်ရာ ဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ဦးကိုထိန်းသိမ်းထားကြောင်းစစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် လေကြောင်းပစ်ကူများနှင့် စစ်တပ်က အင်အားတိုးစစ်ကြောင်းထိုးမှုကြောင့် PDFရဲဘော်များ ဒီပဲယင်းမြို့တွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။