အောက်တိုဘာ-၉၊၂၀၂၆။ ဟာနာဆန်၊ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်၊မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ ခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ ပါရာမော်တာတစ်စီးဟာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာအတွင်းသို့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မူးကမ်းကြီးကျေးရွာက ကိုစိုးနိုင်ရဲ့ နေအိမ်ပေါ်သို့ကျရောက်ခဲ့ပြီး ၎င်းရဲ့ ဇနီး၊သမီး၊နှမနဲ့အစ်ကိုဖြစ်သူတို့ ၄ ဦးစလုံး ပွဲချင်းပြီးသေဆုံးကာ မီးလောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement
“ဘာမှမရှိဘူးဗျ။ဒီအတိုင်းပြည်သူ တွေအိမ်ကို လာကြဲသွားတာ။အိမ်ကထန်းလက်အိမ်ဆို တော့မီး အကုန် လောင်သွားတာ။ဘာမှကိုမကျန်ဘူး”လို့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အလားတူ အောက်တိုဘာ ၈ ရက်မွန်းလွဲ ၁ နာရီခန့်ကပဲ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ မြောင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ပန်းလှအုပ်စု ပန်းလှဘုန်းကြီးကျောင်းကို လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ဦးဇင်း ၂ ပါးကတော့ သိပ်ပြီးမစိုးရိမ်ရဘူး။ အဆောက်အဦးတွေကတော့ အကုန်လုံး ကျောင်းမှာရှိတဲ့ အဆောက်အဦးတွေကတော့ အကုန်လုံး ပျက်စီးသွားတယ်”လို့ မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအောက်တိုဘာ၇ရက်ကလည်း ဆားလင်းကြီးမြို့နယ်နဲ့ မုံရွာမြို့နယ်က ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ရေဦးမြို့နယ်က ကျေးရွာ ၃ ရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အောက်တိုဘာ ၅ ရက်နေ့ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။



















































