Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့် ရမည်းသင်းတွင် ၁၀ဦး သေဆုံး၊ ပြည်သူ ငါး​သောင်း​ကျော်​ ရေ​ဘေးသင့်​နေဟု မီးသတ်ထုတ်ပြန်

​ရေ​ဘေး​ကြောင့် ရမည်းသင်းမြို့တစ်မြို့တည်းတွင် ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့်နေသည်ဟု ရမည်းသင်းမြို့မှ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။

မိထက်/People’s Spring

​ရေ​ဘေး​ကြောင့် ရမည်းသင်းမြို့တစ်မြို့တည်းတွင် ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့်နေသည်ဟု ရမည်းသင်းမြို့မှ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။

စက်တင်ဘာလ၁၀ရက်မနက်မှစ၍ ဆိုးရွားသည့်ရေဘေးကို ရှမ်းပြည်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်တို့မှ မြို့နယ်ပေါင်း ၄၀ ထက်မနည်း၌ ရင်ဆိုင်​နေရသည်။ ရေကြီးနစ်မြုပ်မှုများ ဖြစ်နေပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်တို့တွင် အရေးပေါ်ကယ်ဆယ်ရေးများလုပ်ဆောင်နေရသည်။

ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေများကိုစစ်ကောင်စီကထုတ်ပြန်ခြင်းမရှိသေးသော်လည်း မန္တလေးတိုင်းအတွင်း ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ လူ(၁၀)ဦး သေဆုံးသွားပြီး အမျိုးသား (၂၃,၉၉၅)ဦး နှင့် အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး၊ အိမ်ထောင်စု၁၅,၁၁၃စုရေဘေးသင့်ခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံမီးသတ်တပ်ဖွဲ့က ယနေ့(စက်တင်ဘာလ၁၂ရက်)နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ရမည်းသင်းက ရေပြန်ကျလို့ သတင်းထုတ်နိုင်တာ။ ဒါတောင် မြေပြင်စာရင်းက ဒီထက်များနိုင်တယ်။ အခုအထိကို နေပြည်တော်နဲ့မန္တလေးတိုင်းထဲကတခြားမြို့နယ်တွေ အရေးပေါ်အခြေအနေဖြစ်နေဆဲပဲ။ ရေပြန်ကျရင်တော့ သေဆုံးစာရင်းက မမှန်းရဲလောက်အောင် ဖြစ်သွားနိုင်တယ်” ဟု မန္တလေးတိုင်းမှ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့်နေပြည်တော်တွင် ယမန်နေ့ (စက်တင်ဘာလ ၁၁ရက်) နံနက်မှစ၍ ရေဘေးကြုံတွေ့ခဲ့ပြီး ဇေယျာသိရိ၊ပုဗ္ဗသိရိ၊ တပ်ကုန်း၊ပျဉ်းမနားမြို့နယ်တို့မှ ကျေးရွာပေါင်း ၅၀ ထက်မနည်း ဆိုးဆိုးရွားရွားနေကြီးနေကြောင်း ဒေသခံများကပြောသည်။

ရေစီးအတွင်း အိမ်နှင့်အတူ မျောပါသွားသူအချို့၊ သစ်ပင်ပေါ်တက်၍တိမ်းရှောင်ရင်း ပြုတ်ကျသေဆုံးမှုအချို့၊ ကယ်ဆယ်ရေးစက်လှေပေါ်မှာပြုတ်ကျသေဆုံးသူအချို့ရှိနေသည်ဟု ကိုယ်တိုင်ရေဘေးကြုံသူများကပြောသည်။

ယ​နေ့ (စက်တင်ဘာ ၁၂)နံနက်ပိုင်းတွင်ရေအနည်းငယ်ပြန်ကျသည့်နေရာများရှိနေသော်လည်း နေအိမ်များအတွင်းပိတ်မိနေ၍ အရေးပေါ်လာရောက်ကယ်ဆယ်ရန်အကူအညီတောင်းခံမှုများလည်းရှိနေသည်။

” 6:02AM ကယ်ဆယ်ရေးများမရောက်သေးလို့စောင့်နေဆဲ။ထပ်မတိုးတာကျေးဇူးတင်ရပါတယ်။ ရေက ခန့်မှန်း ၉ ပေ ဝန်းကျင် တက်နေတာပါ။ ကျမတို့အိမ်က အမြင့်ဆုံးပဲ။ မြေနေရာ အချို့အိမ်တေအကုန်မြုပ် ရေပြင်ပဲရှိတော့တယ်။ကယ်ဆယ်ရေးများမြန်မြန်လာကြပါတော့”ဟုဇေယျာသီရိမြို့နယ် စည်ပင်အုပ်စု ညောင်ပင်ကြီးရွာမှ ဒေသခံတဦးက ယနေ့နံနက်ပိုင်းတွင် အရေးပေါ်အကူအညီတောင်းထားသည်။

ထိုကဲ့သို့အရေးပေါ်အကူအညီတောင်းထားသူ ၂၀ဦးထက်မနည်း ရှိနေသည်။

နေပြည်တော်နှင့်မန္တလေးတိုင်းမှ ကျောက်ဆည်၊ ပျော်ဘွယ်၊ ပုသိမ်ကြီးမြို့နယ်တို့သည် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန်လိုအပ်နေသည့်နေရာများဖြစ်ကြောင်း ကူညီရေးအဖွဲ့များကပြောသည်။ စစ်ကောင်စီက အန္တရာယ်ပေးမည်ကိုကြောက်​​သော​ကြောင့် ကူညီကယ်ဆယ်ရေးကို လက်လွတ်လပ်လပ်မလုပ်နိုင်ကြောင်း လက်ရှိရေဘေးတွင် ကူညီနေသူအချို့ကပြောသည်။

‌စက်တင်ဘာလ ၁၀ရက်မှစတင်၍ ရေဘေးဆိုးရွားစွာ ကြုံတွေ့ခဲ့သည့် တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များ၊ ကလောနှင့်အောင်ပန်းမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များ၌ ရေပြန်ကျနေသော်လည်းလူသေဆုံးမှု နှင့် နေအိမ်များထိခိုက်ပျက်စီးမှု အလွန်များပြားကြောင်း ဒေသခံများကပြောသည်။

“ဖုန်းလိုင်းဆက်သွယ်ရေးတွေပြတ်နေတယ်။ ပျက်စီးမှုတွေကတော်တော်ကိုများတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတယ်” ဟု ကလောမြို့ခံတစ်ဦးကပြောသည်။

လက်ရှိ ရာသီဥတုအခြေအနေအရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

တရုတ်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်မိုးကြီးနေခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်စဉ် ဗီယက်နမ်နိုင်ငံ၌ သေဆုံးသူ ၁၈၀ထက်မနည်း ရှိနေသည်။ ထိုင်းနိုင်ငံတွင်စက်တင်ဘာ ၁၁ ရက်ညကအထိ လေးဦးသေဆုံးထားပြီး မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ရမည်းသင်းမြို့နယ်မှလွဲ၍ သတင်းမထုတ်ပြန်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။