ပိုးဟပ်နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ရဲ့ ခေါင်းဆောင်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီး ထိန်းသိမ်းလိုက်ပြန်ပါတယ်။
အိန္ဒိယ မီဒီယာတွေက အဘီဂျိထ် ဒစ်ပ်ကီဟာ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းက ဒေလီမြို့တော်မှာ အဖမ်းခံခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ ဒစ်ပ်ကီဟာ ပြဿနာတွေ မဖြစ်ခင် ကြိုတင် တားဆီးတဲ့ ယာယီ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။
သူဟာ လက်တွေ့ နိုင်ငံရေးပါတီ တစ်ခုမဟုတ်ဘဲ အိန္ဒိယ အာဏာရ ဘာရာတီယာ ဂျန်နက်တာ ပါတီ (BJP)ကို လှောင်ပြောင်ဖို့ စုဖွဲ့ထားတဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP)ကို ဦးဆောင်နေသူပါ။ လူငယ်အများစု တက်ကြွထောက်ခံတဲ့ CJPဟာ အိန္ဒိယရဲ့ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုကြီး တစ်ခုအဖြစ် လျင်လျင်မြန်မြန် အားကောင်းလာခဲ့ပါတယ်။
ဒေလီမှာတော့ CJPလှုပ်ရှားမှုနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီတွေဟာ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲကို ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြနေပြီး တစ်ဖက်မှာလည်း ရဲတွေက ဆန္ဒပြ အင်အားစုတွေ ပေါင်းစည်းမသွားနိုင်အောင် အစွမ်းကုန် ချိုးနှိမ်နေပါတယ်။ အတိုက်အခံတွေက ကော်မရှင်ဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သန်း ၁၃၀ လောက်ရဲ့ မဲစာရင်းတွေကို ပယ်ဖျက်ပြီး BJP အနိုင်ရအောင် ကူညီပေးခဲ့တယ်လို့ စွပ်စွဲပြီး ကော်မရှင် အကြီးအကဲ ဂျန်နက်ရှ် ကူးမား နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ ကော်မရှင်ကတော့ ရွေးကောက်ပွဲမှာ ဘက်လိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Public Service Announcement
ဒစ်ပ်ကီဟာ မွမ်ဘိုင်းကနေ ဒေလီကို လာရောက်ချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး တစ်ရက် ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာလည်း အိမ်ကနေ အပြင်ကို ထွက်လာတာနဲ့ ရဲတွေက စောင့်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် အမျိုးသမီး နီဟာ ဘိုရာလည်း အဖမ်းခံခဲ့ရပါတယ်။
ဒေလီရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်သူ ဆာချာရှာမားကတော့ ဒစ်ပ်ကီနဲ့ ဘိုရာတို့ကို ကြိုတင် ပြင်ဆင်တားဆီးမှု စံနှုန်းတွေအရ ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ CJPကတော့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုတွေကို လှောင်ပြောင်ခဲ့ပြီး လူငယ်တွေ အောင်လံလွှင့်မှာကို အစိုးရက အသည်းအသန် ကြောက်လန့်နေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ရဲတွေကတော့ ဆန္ဒပြပွဲတွေမှာ မပူးပေါင်းဖို့ ဒစ်ပ်ကီအနေနဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်တာမျိုး မလုပ်ဖို့ ကြိုတင် သတိပေးထားခဲ့ကြောင်း ပြောပါတယ်။ ဒေလီမြို့လယ်မှာ အဓိကရုဏ်း နှိမ်နင်းရေး ကိရိယာ အပြည့်အစုံနဲ့ ရဲအင်အား အများအပြားကိုလည်း ဖြန့်ကျက်ထားပါတယ်။
အဲဒီလို ပိတ်ဆို့ထားတဲ့တိုင် ဆန္ဒပြသူ အင်အား ၅၀၀ လောက်ဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ မြို့လယ်ရင်ပြင် တဝိုက်မှာ စုဝေးပြီး အလံတွေလွှင့်၊ ကြွေးကြော်သံတွေ အော်ဟစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တချို့ကို ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
နိုင်ငံအလံကို ဝှေ့ယမ်းနေတာက ရာဇဝတ်မှု မြောက်မယ်ဆိုရင် သူက ပျော်ပျော်ကြီး ထောင်အကျခံလိုက်မယ်လို့ အဖမ်းခံရသူ ဆန္ဒပြ အဖွဲ့ခေါင်းဆောင် ဆော်ရက်ဗ်ကူးမားက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့တုန်းက မွမ်ဘိုင်းနဲ့ ဘန်ဂါလူရူတို့မှာလည်း အသေးစား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းက ပတ္တာနာ မြို့မှာလည်း ကျောင်းသားတွေက ချီတက်ခဲ့ကြပါတယ်။
နိုင်ငံရေး အကဲခတ်တွေကတော့ ပိုးဟပ် လှုပ်ရှားမှုဟာ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အုပ်စိုးမှုကာလ ၁၂ နှစ်တာ အတောအတွင်း ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး နိုင်ငံရေး စိန်ခေါ်မှုတစ်ခု ဖြစ်လာကြောင်း သုံးသပ်ထားကြပါတယ်။
ကိုးကား: Reuters



















































