အောက်တိုဘာ -၁၈၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
အဲဒီ စစ်ကူယာဉ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းက အောက်တိုဘာ ၁၇ရက် ညပိုင်းမှာ ကမ္မမြို့အနီး လက်ပြ ကျေးရွာ၀င်ရောက်နေပြီလို့ ဆိုပါတယ်။
“ယာဉ်တန်းမှာပါတဲ့ ကားက စုစုပေါင်း ၉စီးရှိတယ်။အင်အားကတော့ အပြည့်နီးပါးပဲ။ခန့်မှန်းတာတော့ ၄၀၀ လောက်ရှိတယ်”လို့ ပခုက္ကူနဲ့မြိုင်နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
မြိုင်မြို့နယ် ဝဲတူးရေနံမှော်အနီး တဲကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းထံ Y8 လေယာဥ်နဲ့ နေ့စဉ်နီးပါး ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတာတွေလည်းရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က အသိပေးထားပါတယ်။
တဲကြီးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကြောင်း တိုက်ခံနေရတာကြောင့် တပ်မ(၁၀၁)ကနေ စစ်ကူယာဉ်တန်းတွေလာနေတာလို့ မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက အတည်ပြုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၄ ရက်က တပ်မတော်အကြီးစားစက်ရုံ (တစက-၃) ဒေသအခေါ် စက်မှု(၂)ကို ရဟတ်ယာဥ်နဲ့ အင်းအားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူဘက်က စစ်ယာဉ်တန်းတွေနဲ့ စက်မှု (၂)က အင်အားတွေ အပါအ၀င် တဲကြီးရွာက စစ်ကြောင်းပူးပေါင်းမလားဆိုတာကို စောင့်ကြည့်နေတယ်လို့လည်း အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။
မြေပြင်စစ်ကြောင်းတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ ပိုဆိုးရွားလာနိုင်တာကြောင့် မြိုင်နဲ့ ပေါက်မြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
အခု အောက်တိုဘာစကတည်းက ပေါက်-မြိုင် ဒေသအစပ် တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ သူက အသိပေးပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးရွာမှာ တပ်စွဲထားတာ နှစ်လ နီးပါးရှိနေပြီဖြစ်ပါတယ်။
ဝဲတမ်း၊ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ ခုနှစ် မတ်လက တည်း က ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။
ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အ ဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်းတွေဆက်လည်ပတ်နေတာပါ။
တဲကြီးရွာအနီးက ရေနံမြေလုပ်ကွက် ၁၀၀ကျော် အပါအ၀င် ပခုက္ကူဒေသက ရေနံတွင်း ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာနောက်ဆုံးပတ်မှာအာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းက တဲကြီးရွာ အပါအ၀င် ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၆၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၅၀ နီးပါးကို စစ်တပ်ကသတ်ဖြတ် ခဲ့တယ်လို့ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။



















































