အောက်တိုဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/ People’s Spring
စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်းပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာငပြီကျွန်းပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲက အားလုံးနီးပါးသေဆုံးသွားခဲ့ပြီဖြစ်ပြီး ထပ်မံကမ်းတက်ကာကျွန်းပေါ်ခြေကုတ်ယူနိုင်ဖို့ ကြိုးစားလာတာလို့ သိရပါတယ်။
“မနေ့က တညလုံးတက်ဖို့လုပ်တယ်။ညတုန်းကပဲ ဇက်တစီးကို ကိုယ့်ဘက်ကပစ်တာ ထိသွားတယ်။ကမ်းစပ်မှာပဲထိသွားတာ။ နောက်ပြန်လှည့်သွားတယ်။ အထိအခိုက်ဘယ်လိုရှိလဲတော့ မသိဘူး။ မီးခိုးတွေတော့ ထွက်သွား တာတွေ့တယ်” လို့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်သင်္ဘောတစီးကို AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “မနက်ပိုင်း ခဏ ပြန်ငြိမ်ပြီးတော့ ထပ်တက်ဖို့လုပ်နေကြတယ်။ အခုအခြေအနေထိတော့ ကမ်းပေါ်ကို ထပ်မရောက်သေးဘူး။ ကမ်းစပ်ပဲ တိုက်ပွဲဖြစ်နေကြတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း ဖြစ်တဲ့ငပြီကျွန်းကို ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်မှာပထမအကြိမ်အင်အားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပါတယ်။
ပထမအကြိမ်ကမ်းတက်တုန်းကလည်း စစ်သင်္ဘောတစီးကို AA ရဲ့ လက်နက်ကြီးထိမှန်သွားခဲ့ပြီး စစ်သား ၂၀ ဝန်း ကျင်သေဆုံးသွားခဲ့ပါတယ်။ ဒ့ါအပြင် ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်း ကျွန်းပေါ်မှာသေဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံရသူ ၂၀ ဝန်းကျင် ရှိကာ စစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။
ငပြီကျွန်းကမ်းတက်တိုက်ပွဲအတွင်းအထိနာနေတဲ့စစ်တပ်ဟာ ပထမအကြိမ်ကမ်းတက်နိုင်ပြီး ဆယ်ရက်ကျော်အကြာမှာမှ ကမ်းထပ် တက်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
“ကမ်းပေါ်မှာ ေးမကျန်တော့သလောက်ဖြစ်သွားပြီပြောကြတယ်။တိုက်ပွဲကတော့ တောက်လျှောက်ပဲ၊အသံတွေဆိုရင် ဆက်တိုက်ကြားရတယ်။ လေယာဉ်ကတော့ သုံးစီးလောက်ရှိပြီ။ လက်နက်ကြီးတွေက ဆက်တိုက်ကြား ရတယ်။ မနေ့ညကဆိုရင် အိပ်တောင် မအိပ်လိုက်ရဘူး။ ဒီညလည်းအိပ်ရမယ်မထင်ဘူး” လို့ ပေါက်တောဒေသ ခံတဦးက ပြောပါတယ်။
ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။
AA ဟာငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းကဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)အနီးဝန်းကျင်အပါအဝင် မြို့ပတ်လည်က တပ်စခန်းတွေကိုလည်း အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ် စခန်းအချို့ကိုထပ်မံသိမ်းယူနေပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။
စစ်တပ်ဟာရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲခန့်ရှိပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲခန့်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ် ။တိုက်ပွဲတွေဟာစစ်တွေမြို့နဲ့ ပိုနီးလာတာကြောင့်စစ်တပ်ဟာ တိုက်စစ်ကနေ စစ်တွေမြို့မကျအောင် ခံစစ်နဲ့ပြုခုခံနေရပြီဖြစ်ပါတယ် ။



















































