ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။
လီမိုးရှ်မြို့ရဲ့ အုပ်ချုပ်ရေး အရာရှိတွေက လီမိုးရှ် မြို့တော်ခန်းမ အဆောက်အအုံရဲ့ အစိတ်အပိုင်း အများစုကို လုံးဝဥဿုံ ဆုံးရှုံးလိုက်ရကြောင်း ပြောပါတယ်။ အဲဒီ မြို့တော်ခန်းမကို ၁၈၈၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ မြို့ရဲ့ အထင်ကရ သမိုင်းဝင် အဆောက်အအုံ တစ်ခုအဖြစ် စတင် သတ်မှတ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က လီမိုးရှ်မှာ ဆန္ဒပြသူတွေက မြို့တော်ခန်းမသာ မကဘဲ တခြားအဆောက်အအုံ တချို့ကိုပါ မီးရှို့ခဲ့ကြပါတယ်။ ပြင်သစ်မှာ လူနေမှုစရိတ်တွေ မြင့်တက်နေတာကြောင့် လက်ဝဲယိမ်း နိုင်ငံရေး အင်အားစုတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ တစ်လဝန်းကျင် ကြာမြင်ခဲ့ပါပြီ။
အဲဒီ ဆန္ဒပြပွဲတွေဟာ ပါရီမြို့တော်ကနေ ၃ နာရီ ခရီးလောက် သွားရတဲ့ လီမိုးရှ်မြို့ကိုလည်း ကူးစက် ရောက်ရှိလာခဲ့ပါတယ်။ အနောက်ဖက်ခြမ်းကလွဲလို့ မြို့တော်ခန်းမရဲ့ အမိုးတစ်ခုလုံး ကြမ်းပြင်ပေါ် ပြိုကျခဲ့ကြောင်း၊ အဆောက်အအုံရဲ့ မျက်နှာစာ သုံးပုံနှစ်ပုံကလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် တစ်ဦးဖြစ်တဲ့ မောရစ္စ ဘားရိတ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဘားရိတ်က အခုလို သမိုင်းအမွေအနှစ် တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဟာ လူရမ်းကားတွေရဲ့ လုပ်ရပ်လို့ ရှုတ်ချသွားခဲ့ပါတယ်။ သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ပြင်သစ်နိုင်ငံထဲမှာ အကြမ်းဖက်ရန်လိုမှုတွေအတွက် နေရာမရှိစေရဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့တုန်းက ဆန္ဒပြပွဲတွေမှာ လူပေါင်း ၄၀၀ လောက် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီး လောရင့် နူးနက်ဇ်က ဆိုပါတယ်။ အဲဒီနေ့က လူပေါင်း သန်းဝက်လောက်ဟာ နိုင်ငံအနှံ့ ချီတက်ပွဲပေါင်း ၁၀၀ လောက်မှာ ဖြန့်ကျက်ပါဝင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
နူးနက်ဇ်က အခု ဆန္ဒပြပွဲတွေဟာ အရမ်းရန်လို ခက်ထန်ပြီး အစွန်းရောက် အတွေးအမြင်ရှိတဲ့ လက်ဝဲဝါဒီတွေရဲ့ လှုံ့ဆော်မှုကြောင့်လို့ ဝေဖန် ပြောကြားထားပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့ဟာ တချို့နေရာတွေမှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့ရပါတယ်။
ပါရီက ဆန္ဒပြပွဲတွေမှာလည်း နှာခေါင်းစည်း မျက်နှာဖုံးတပ်ပြီး ခေါင်းစွပ်အင်္ကျီတွေ ဝတ်ထားတဲ့ ဆန္ဒပြသူ တချို့ဟာ လုံခြုံရေး အရာရှိတွေကို မီးကျည်တွေ၊ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Fox



















































