အောက်တိုဘာ-၁၇၊၂၀၂၆။မိုမို/People’s Spring
ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁)ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် ဂျွန်ဘောစကို (ခ)ကို့ ဟာ အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကိုယ့်ဘက်က ရထားတဲ့ကာကင်းတွေကို စခဘက်က ပြန်ပြီး ထိုးစစ်ဆင်နေတာပေါ့။ဒရုန်း ၊လက်နက်ကြီးကတော့ တောက်လျှောက်ပဲ”လို့ လတ်တလောမိုးဗြဲမြို့ အနီးတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေသေဆုံးတာ အရှင်ဖမ်းဆီးခံရတာတွေရှိတယ်လို့လည်းသူက အသိပေးပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်က ကျဆုံးခဲ့တဲ့ ရဲဘော် ဂျွန်ဘောစကိုနဲ့ပတ်သက်လို့ DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ MBPDF က ကနဦးထုတ်ပြန်ထားပါတယ်။
လတ်တလောတိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒေသခံ တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ MBPDF နဲ့ အမှတ် (၁)အယ်လ်ဖာစစ်ဒေသတာ၀န်ရှိသူတွေက မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။
မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတွေရဲ့ ပြောဆိုချက်အရ စစ်တပ်ဆီက စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော် လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး မကြာခဏ တိုက်ပွဲ တွေ ဖြစ်နေပါတယ်။



















































