Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ ၃ခုနယ်မြေမှာ တိုက်ပွဲတွေဖြစ်နေဟု KIA ပြော

ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲ စစ်တပ်ရဲ့ ဗျူဟာမှူး ဒဏ်ရာရဟု အသိပေး

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda Sirinda)

အောက်တိုဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ (၄)၊ တပ်မဟာ(၇)နဲ့ တပ်မဟာ(၈)နယ်မြေတွေမှာ တိုက်ပွဲတွေဆက်ရှိခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ခေါင်လန်ဖူးမြို့နယ် ဇီဒန်းရွာတိုက်ပွဲမှာ စစ်တပ်က ဗျူဟာမှူး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

အောက်တိုဘာ ၁၇ရက်အထိ ရရှိထားတဲ့ သတင်းတွေကို KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့မနက်မှာ ထုတ်ပြန်ခဲ့ရာ KIA တပ်မဟာ(၄) တပ်ရင်း(၃၄) နယ်မြေ မိုးမိတ်ဒေသ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးထားပါတယ်။ မိုးမိတ်ဒေသ စစ်ရေးအခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းတွေရဲ့ ပြောပြချက်အရ စစ်တပ်က မိုးမိတ်ကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေလို့ မိုးမိတ်-မဘိမ်း လမ်းမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၇) တပ်ရင်း(၃၃)နယ်မြေ ဇီဒန်းရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၃ရက်မနက်က စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ထိခိုက်ဒဏ်ရာပြင်းထန် ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကလည်း KIA ပူးပေါင်းတပ်တွေရှိမယ်လို့ ယူဆတဲ့နေရာတွေကို ဒရုန်းလက်နက်ကြီးတွေနဲ့ရမ်းသန်းပစ် ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ခေါင်လန်ဖူးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်တပ်ဗျူဟာမှူးဟာ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ ဗျူဟာမှူးဟာ ခေါင်လန်ဖူးတိုက်ပွဲကို ကွပ်ကဲဖို့ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပိုလိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဖြစ်ပြီး တိုက်ပွဲဖြစ်ရာကို သွားရောက်စဉ် လမ်းမှာ KIA ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးခဲ့တာလို့ဆိုပါတယ်။

“အဲဒီဒေသ တိုက်ပွဲမှာ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေမျိုးထွန်း အနီးကပ် ကွပ်ကဲနေတာဖြစ်တယ်။ အဲဒါ သူတိုရဲ့ တိုက်ပွဲက တဖြည်းဖြည်း ဆုတ်လာတဲ့အခါကျတော့ ကကကြည်းက ကစထ(၁)မှူးနဲ့ တိုင်းမှူးက ပူတာအို အထိ ၉ရက်နေ့လောက်တုန်းက ထင်တယ် လာပြီးမှ လာစစ်ဆေးပါတယ်။အဲဒီတော့ ကစထမှူးက ကကကြည်းက အထူးဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် တယောက်ရယ် ပြီးတော့မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ဂျီဝမ်း တယောက်ရယ် သူတိုနှစ်ယောက်ကို အဲဒီဘက် အင်အားဖြည့်ဖို ပူတာအိုမှာ လာပိုထားလိုက်တာ”လို ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် အထူးဗျူဟာမှူးနဲ့ ဂျီဝမ်း တိုကို အောက်တိုဘာ ၁၀ရက်မှာ ပူတာအိုကနေ ရဟတ်ယာဉ်နဲ့ ခေါင်လန်ဖူးမြိုကို ပိုဆောင်ခဲ့တာလိုဆိုပါတယ်။ အဲဒီကနေ တိုက်ပွဲဖြစ်ပွားရာ မြန်မာ -တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀)ဒေသ တိုက်ပွဲဖြစ်ပွားရာသို့ လာရောက်စဉ် KIAက တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

“အဲဒီတော့ သူတိုက ခေါင်လန်ဖူးကနေ ၁၁ရက်နေ့ ထွက်လာတာပေါ့လေ။ အဲဒီ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းမရောက်သေးပါဘူး။ လမ်းခုလတ်မှာဖြစ်သွားတာပါ”လိုကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဖြစ်ပြီး ခေါင်လန်ဖူးထိ ထမ်းပိုစဉ်သေဆုံးကာ အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာရဟတ်ယာဉ်နဲ့ အလောင်းတင်သွားတာလိုလည်း ရှင်းပြပါတယ်။

ဒါ့အပြင် KIA တပ်မဟာ(၈) ဒေသဘက်မှာ SNA ပြည်သူ့စစ်တွေနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေရှိခဲ့ပြီး စစ်ရေးတင်းမာနေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ် လုံးတုံရွာမှာ တပ်စွဲထားတဲ့ SNA ပြည်သူ့စစ်က KIA ပူးပေါင်းတပ်များရှိရာ ဟဲပန်လမ်းဆုံ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း အသိပေးပါတယ်။

အင်းတော်ကြီးဒေသမှာ စက်တင်ဘာလကုန်ပိုင်းကတည်းက KIAနဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လက်ရှိမှာ စစ်တပ်ဟာ ကချင်ဒေသ တပ်စခန်းတွေကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းတာ ပြည်သူတွေကို စစ်ဆေးမှု တင်းကြပ်တာ လုပ်ဆောင်နေကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသအစပ်က ရေနံမြေတိုက်ပွဲတွေမှာ စစ်တပ်စစ်ကြောင်းအထိနာနေတာကြောင့် ပခုက္ကူတပ်မ(၁၀၁) က စစ်ကူယာဉ်တန်းထွက်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။