အောက်တိုဘာ-၁၇၊၂၀၂၆။People’s Spring
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
တက်ခ်ပြည်နယ်က မဲဆောက်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၇ ရက်နေ့တုန်းက နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။
မနက်အစောပိုင်းကစလို့မြန်မာနိုင်ငံသား အများစုနေထိုင်ရာသွန်သောင်ရွာအပါအဝင်

Public Service Announcement
လူနေဧရိယာ တချို့ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိန်းသိမ်းထားသူ အများစုဟာ တရားဝင် စာရွက်စာတမ်းတွေနဲ့ ထိုင်းကို ဝင်ရောက်လာခဲ့သူတွေ မဟုတ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ကျားဖြန့်ကိစ္စအကြောင်းပြပြီး မြန်မာလုပ်သားတွေရှိတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးခဲ့တာလို့ မဲဆောက်မြို့မှာရောက်နေတဲ့CDM ကျောင်းဆရာတစ်ဦးကတော့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မဲဆောက်မြို့က တရုတ်ဘုံကျောင်းရှေ့ကထုံထောင်းရပ်ကွက်ကိုလည်း ဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။ ထုံထောင်းရပ်ကွက်ဟာ အခြေခံလူတန်းစား မြန်မာလုပ်သားတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်လို့ သိရပါတယ်။
“သူတို့အကြောင်းပြတာတော့ ကျားဖြန့်ဆိုပြီး လုပ်တာ။ ဒီတခါ ဖမ်းဆီးတာက ကိုဗစ်အပြီးမှာ အများဆုံးဖမ်းဆီးတာလို့ သိရတယ်။ အဲဒီနေရာက တကယ်ကို အခြေခံလူတန်းစားတွေ နေတဲ့နေတဲ့ရပ်ကွက်ပဲ။ အခုမှပြောင်းလာကြတဲ့ သူတွေ သိပ်မရှိဘူး။ ဟိုအရင်တည်းက နေကြတဲ့သူတွေများတယ်”လို့ မဲဆောက်မြို့မှာနေထိုင်တဲ့ မြန်မာအမျိုးသားတစ်ဦးက ပြောပါတယ်။
တာဝန်ရှိသူတွေက ဟိုတယ်နဲ့ တည်းခိုခန်းလို နေရာတွေက နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသား တချို့ဟာ ထိုင်းကနေတဆင့် မြန်မာဖက်ခြမ်းကအွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတဲ့ မြဝတီမြို့နယ်ထဲ ဝင်ရောက်နေကြောင်း သတင်းတွေအပြီး မဲဆောက်မှာ အခုလို စုံစမ်းစစ်ဆေးမှုတွေ၊ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာလို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
မဲဆောက်မြို့ရဲဲ့အရုဏ်ဦး( ဖာ့စန် မဲဆောက် )အမည်နဲ့နယ်မြေရှင်းလင်းရေးအထူးစစ်ဆင်ရေးမှာ လူဦးရေ၂၀၀ ကျော် ထိန်းသိမ်းခံရတယ်လို့ မဲဆောက်မြို့ရှိ မြန်မာတဦးကပြောပါတယ် ။ဒါ့အပြင် ဒီစီမံချက်အတွင်းမှာအွန်လိုင်းလောင်းကစားမှု ၅ ဦး ၊လက်နက်တရားမဝင်ကိုင်ဆောင်မှု ၂ မှု ၊စိတ်ကြွမူးယစ်ဆေးဝါးတွေ့ရှိမှု ၁ မှု ရှိခဲ့ပြီး ၊မဲဆောက်မြို့အတွင်းဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေထဲက သံသယဖြစ်ဖွယ်နိုင်ငံခြားသား ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။
ကိုးကား: Khaosod



















































