Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့ စစ်တောင်းမြစ်ဘေးရွာများ ရေမြုပ် ပိတ်မိနေ

ရေတာရှည်မြို့နယ် သစ်ချဆိပ်ရွာမှ မိသားစုဝင် ၃ဦး ရေထဲမျောပါသွားဟု ဒေသခံပြော

ရေဘေးသင့်သူများအား လိုက်လံကယ်ထုတ်နေစဉ်။ ဓာတ်ပုံ - CJ

မိထက်၊ဟန်နွေ/People’s Spring

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေပြီး ဆွာဆည်မှရေလည်း လွှတ်ချနေ၍ ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေပြီး စစ်တောင်းမြစ်ဘေးကျေးရွာများ ကယ်ဆယ်ရေးဝင်၍မရအောင် ပိတ်မိနေသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးရွာများဖြစ်သော ဒိုးအင်း၊ လေးအိမ်စု၊ ထုံးဘို၊ ကွမ်းသီးပင် ၊ သဖန်းပင်၊ အရှေ့ဆင်ရွာကျေးအင်း၊ ချောင်းကမ်း ပိတောက်ကုန်း၊ ရွာတန်းရှည် နှင့် လက်ပံတံခါးကျေးရွာများ ရေမြုပ်ပြီး ပိတ်မိနေခြင်းဖြစ်သည်။

” မြို့ပေါ်တွေ ရေဝိုင်းနေပြီ။ ရွာတွေကတော့ ပြောမနေနဲ့တော့။အခြေနေအရမ်းဆိုးနေပါတယ်။ နှစ်ထပ်အိမ်တောင်ရေဝင်တာ အရမ်းဆိုးနေတယ်”ဟု တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရွာများကို ကြိုတင်ပြောင်းရွှေ့ကြရန် စက်လှေများဖြင့် ယမန်နေ့(စက်တင်ဘာ ၁၂ရက်) နေ့လယ်က သွားရောက်ခေါ်ဆောင်ခဲ့သော်လည်း အများစုသည် လိုက်ရန် ငြင်းဆန်ခဲ့ကြသည်ဟု သတင်းရရှိသည်။ ထို့နောက် ညပိုင်းတွင် ရေအလျင်အမြန်တိုးလာပြီး ယနေ့ (စက်တင်ဘာ ၁၃ရက်) နံနက်တွင် ကယ်ဆယ်ရေးသွားရောက်ရန် ခက်ခဲနေပြီဟု ကူညီရေးအဖွဲ့များကပြောသည်။

” တချို့ခေါင်မိုးပေါ်တက်နေပါပြီ။ လူတချို့သစ်ပင်ပေါ်တက်နေရပြီး သက်ကြီးရွယ်အိုနဲ့ ခလေးတွေပိတ်မိနေပါတယ်။ တချို့ရွာတွေက တာတမံကြိုးသွားတာကြောင့် ပိတ်မိနေတာပါ။ အခြေနေအရမ်းဆိုးနေပါပြီ။ ကူညီကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်။ တချို့နေရာတွေ သွားကယ်ဖို့တောင်အန္တရာယ်ရှိပါတယ်” ဟု ရေဘေးကူညီကယ်ဆယ်ရေးလုပ်‌ဆောင်နေသူတစ်ဦးက ပြောသည်။

စံချိန်တင် ရေ‌ဘေးကြုံနေသည့် နေပြည်တော်မှ ဆင်းလာသော ရေများသည် ‌တောင်ငူအပါအဝင် ပဲခူတိုင်းအတွင်း ဝင်ရောက်လာပြီး ဆည်ရေများတိုးကာ စစ်တောင်းမြစ်ရေးလည်း မြင့်တက်ပြီးနောက် ရေကြီးနစ်မြုပ်စေခြင်းဖြစ်သည်။

တောင်ငူမြို့ပေါ်၌ စက်တင်ဘာ ၁၁ရက်ကတည်းက ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်ထားပြီး ရေနစ်မြုပ်နေသော ကျေးရွာများမှ ဒေသခံများ လာရောက်တိမ်းရှောင်နေကြသည်။ ယခု ပိတ်မိနေသော ရွာများသည် အရေးပေါ် အခြေအနေဖြစ်နေပြီဟု မြို့ခံများက ပြောသည်။

လက်ရှိတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများ ရေဘေးအဆိုးဆုံးဖြစ်နေသည်ဟု သိရသည်။

” အခုရေအားအရင်ထက်ဆိုးမှာကို မသိကြလို့ ‌နေလို့ရသလောက်ခိုကပ်နေကြတာ။ အကုန်ဒုက္ခတွေ့ကုန်ပြီ။ အခုတော့ ကယ်ဆယ်ရေးအတွက် လူမှုရေးအဖွဲ့တွေ လုပ်နေကြပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ရေနစ်မြုပ်နေသော ရွာများမှ ဒေသခံများမှာ ၎င်းတို့အား လာကောက်ကယ်ဆယ်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းနေကြသည်။

လက်ရှိတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

တခြားသတင်းတရပ်အဖြစ် ပဲခူးတိုင်း ရေတာရှည်မြို့နယ် သစ်ချဆိပ်ကျေးရွာမှ မိသားစုဝင် သုံးဦး ရေဘေးလွတ်ရာရှောင်တိမ်းစဉ် ရေထဲ မျောပါသွားကြောင်း ဒေသခံက ပြောသည်။

ရေတက်လာ၍ ရှောင်တိမ်းစဉ် စက်တင်ဘာ ၁၂ရက် ညနေပိုင်းက လမ်းတွင် မိသားစုလိုက်ရေထဲမျောသွားခြင်းဖြစ်သည်ဟု ဆိုသည်။

” သေသလား ရှင်သလား မသိရသေးဘူး။ သစ်ချဆိပ်ကပါ။ မြစ်က စစ်တောင်းမြစ်ရေတက်လာတာ။ ဆည်ဖောက်ချတဲ့ရေကအလုံးအရင်းနဲ့ တက်လာတာ။ ခဏလေးပဲရေတက်လာတာက မြန်နေရော။ ဆည်က ဆွာဆည်ပါ”ဟု ဒေသခံကပြောသည်။

“အခုမနက် ရေသုံးလက်မလောက်တော့ ပြန်ကျသွားတယ်။ အခု မြင်နေရတဲ့ရေပြင်ကြီးက ရွာသားတွေရဲ့ စိုက်ခင်းမြေတွေနဲ့ သီးနှံစိုက်ပျိုးထားတဲ့ အကွက်တွေပါ။ တောစုစုလေးက သစ်ချဆိပ်ရွာပါ”ဟု ဒေသခံက သစ်ချဆိပ်ရွာအနီးရေကြီးနေမှု အခြေအနေကို ပြောသည်။

ရေဘေးကူညီရေးကို ရပ်ရွာလူငယ်များနှင့် အဖွဲ့များက တက်နိုင်သမျှ လုပ်ဆောင်နေသော်လည်း ရေထပ်မံတက်လာပါက အခြေအနေ ပိုဆိုးသွားနိုင်သည်ဟု ဆိုသည်။

လတ်တလောရာသီဥတုအခြေအနေအရ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ