အီယိုရီ/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံသော စစ်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားအဆုံးသတ်ပြီးပါက မြန်မာစစ်တပ်တာဝန်ရှိသူများ ကျန်ရှိနေဦးမည်ဖြစ်ပြီး အဆိုပါကျန်ရှိနေသူ စစ်တပ်တာဝန်ရှိသူများက ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံပါက အဆိုပါတာဝန်ရှိသူများနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ မဖြစ်မနေဆောင်ရွက်ရန်လိုအပ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အဂါ်နေ့(နိုဝင်ဘာ ၅ရက်)တွင်ကျင်းပသော NUG နှင့် K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
“နိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံလာရင် စစ်ကောင်စီက လက်ခံလာရင် ဆိုတာာထက် မြန်မာစစ်တပ် တာဝန်ရှိသူတွေက လက်ခံလာတယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်း ကိစ္စရပ်များက မဖြစ်မနေ ဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒီအဆင့်ကို ကျော်သွားလို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ဘုံသဘောထားရပ်တည်ချက်ထဲမှာ ပါတဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ်ပဲပြောပြော အဓိကကျတဲ့ ချုံ့လိုက်တဲ့ ၃ရပ်ပဲ ဆိုဆို အဲဒီအချက်တွေကို လက်ခံလာတဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့က စကားပြောကို ပြောရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို ဖော်ပြခဲ့သည်။ အဆိုပါ ဦးတည်ချက် ၆ရပ်မှာ
(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ဖော်ဆောင်ရန် တို့ဖြစ်သည်။
ထုတ်ပြန်ထားသည့်ဘုံနိုင်ငံရေး ဦးတည်ချက် ၆ရပ်အား အတိုချုံးမည်ဆိုပါက သုံးချက်သာ ရှိပြီး ပထမအချက်မှာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေး၌ ပါဝင်နေမှုကို အဆုံးသတ်ရန် ၊ ဒုတိယ အချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရန်၊ ပဋိပက္ခ အတွင်း မတရားကျူးလွန်မှုခံနေရသူများအတွက် တရားမျှတမှုရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယမန်နေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
အထက်ပါ NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့၏ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို အာဏာသိမ်းစစ်တပ်က လက်ခံလာပါက လက်ရှိတော်လှန်ရေး၏ ပထမအဆင့်ပြီးဆုံးပြီဟု ပြောရကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ဆိုသည်။
“ဒီဦးတည်ချက် ၆ရပ်ကို လက်ခံပြီဆိုရင် ကျွန်တော်တို့ တော်လှန်ရေး ရည်မှန်းချက်က ၉၀ရာခိုင်နှုန်းလောက် ပြီးမြောက်အောင်မြင်ပြီလို့ ဆိုလို့ရပါတယ်။ သို့သော်လည်းပဲ အနားသပ်ရမယ့် ကိစ္စရပ်တွေ ရှိပါတယ်။ မြန်မာစစ်တပ်က ခုနက ပြောထားတဲ့ ပဋိပက္ခအတွင်းမှာ မတရားကျူးလွန်ခံထားရတဲ့လူတွေအတွက် တရားမျှတမှုပြန်လည်ဖော်ဆောင်ရေး အစီအမံကိုလည်း သူတို့လက်ခံတယ်။ လက်ခံတယ်ဆိုရင် အခုကျွန်တော်တို့ သိနေကြတဲ့ တကယ်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့နဲ့ စကားပြောမယ့် အခြေအနေမှာ မရှိတော့ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲဖြစ်ပတယ်။
သို့သော်လည်းပဲ သူတို့ကို ခေါင်းဆောင်ပိုင်းကိုဖယ်ရှားပြီးတဲ့အခါမှာ ကျန်ရှိနေတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေးနဲ့ နောက်တစ်ခုက ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်များအတွက်က မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမယ့် အဆင့်တစ််ဆင့် ကျန်နေသေးတဲ့အတွက်မို့ ကျွန်တော်တို့ဘက်က ဘုံသဘောထားရပ်တည်ချက်မှာ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်လို့ ဒါလေးကို အများစုက လွယ်လွယ်လေးပြောပြီး လွယ်လွယ်လေးနားလည်ထားကြတယ်လို့ မြင်နေရတဲ့အတွက်မို့ ဒါလေးကို ကျွန်တော်အနေနဲ့ ထပ်ဖြည့်ပြီး အနုစိတ်တင်ပြတာဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ဖြည့်စွက်ရှင်းပြခဲ့သည်။