ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက် ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်းရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။
ထို့နောက် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာရပ်သာရပ်ကွက်နေ ပြည်သူ တစ်ဦးနှင့် ဆူးလေကုန်းရပ်ကွက်မှ ပြည်သူ တစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။
“အဖွဲ့ လေးဖွဲ့ခွဲပြီး ဝင်လာကြတာ။ ရမ်းပစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်နေမှုကြောင့် မုံရွာ – မန္တလေးလမ်းပိုင်း၊ ခင်မွန်ကျောင်းကွေ့အနီး ယာဥ်တန်းများ ရပ်တန့်စောင့်ဆိုင်းရာမှ လမ်းကြောပိတ်ဆို့သွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက်ဆီဆိုင်စခန်းမှ စစ်သားများသည် မအူနှင့် မြေနဲကျေးရွာကြားရောက်ရှိကာ ပြည်သူများကို မိုင်းရှာခိုင်းပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ခရီးသွားများက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့နယ်တောင်ပိုင်းရှိကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပြည်သူများအားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။