ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၁ရက်မှာ ကား ၅စီးနဲ့ ချင်းမြောက်ပိုင်းကို အင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။
“တီးတိန်လား ဖလမ်းလား မသေချာသေးဘူး” လို့ ကိုဂိဒွန်က အင်အားဖြည့်လာတဲ့ စစ်ကြောင်း ဦးတည်မယ့် လမ်းကြောင်း အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ၂၀၂၆ ဇန်နဝါရီ တတိယပတ်ကလည်း ကလေးကနေ သိုင်းငင်းကို စစ်အင်အား ၂၀၀ ကျော် ၃၀၀နီးပါး ပို့ဆောင်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဖလမ်းမြို့ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင် ချင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခုခံနေလို့ စစ်ကူစစ်ကြောင်းဟာ ဖလမ်းဘက်ကို ရှေ့မတိုးနိုင်ဖြစ်နေတာ သုံးပတ်ခန့်ကြာပြီဖြစ်ပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ ပထမပတ်မှာ အဲဒီ စစ်ကြောင်းကို ဖလမ်းနဲ့ သိုင်းငင်းကြားမှာ ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအရာရှိ အပါအဝင် ၃၀ ကျော်သေဆုံးထိခိုက်ခဲ့ပါတယ်။
ချင်းမြောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအတူ လက်တွဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။


















































