ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ကျေးရွာအနီး တိုက်ခိုက်ခံရသည့် စစ် ကောင်စီတပ်က ကျေးရွာများ စစ်ကြောင်းထိုးဝင်ရောက်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဆိုပါဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဒီဇင်ဘာ ၃ရက်နံနက်ပိုင်းက မောင်မယ်ရှောင် ကျေးရွာ၊ ဟားလီးကွေ့ အနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု အဆိုပါသတင်းရင်းမြစ်များက ပြောသည်။
ဂိတ်စခန်းတိုက်ခိုက်ခံရမှုကြောင့် ထားဝယ်မြို့ဘက်မှ ကားခုနစ်စီးဖြင့် တပ်ကူများထွက်လာရာ အဆိုပါယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် ၂နာရီနီးပါးကြာမြင့်ကြောင်း စုံစမ်းသိရသည်။
“ပွဲက မောင်မယ်ရှောင်မှာ ဂိတ်ကို၀င်တိုက်တာမှာဖြစ်တယ်။စစ်ကူက ထား၀ယ်မြို့ထဲကနေလာတယ်။ (ကြား)ဖြတ်တိုက်တာက မောင်မယ်ရှောင် ရွာမရောက်ခင် ဟာလီကွေ့မှာပေါ့”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က တိုက်ခိုက်မှုအခြေအနေအား ပြောသည်။
ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကူလာသော စစ်ကား(၇)စီးပါ ယာဥ်တန်းမှ လေးစီးပျက်စီးသွားပြီးတိုက်ပွဲအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သား ၁၃ ဦးထက်မနည်းရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က အသိပေးသည်။
တိုက်ခိုက်မှုများဖြစ်ပွားနေချိန် စစ်ကောင်စီအမြှောက်တပ်အမတ(၃၀၄)တပ်အတွင်းမှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပေးခဲ့ရာ ယင်းအမြောက်တပ်တန်းလျားကို TPLF Drone Team နှင့် SGDFတပ်ဖွဲ့တို့က ဗုံးသီးဖြင့်နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က ဆိုသည်။
အထက်ပါ စစ်ကောင်စီအထိုင်စခန်း နေရာသုံးခုတိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၃၀ကျော်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားပြီး ထိခိုက်သေဆုံးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“သယ်လာတာတောင် လူမြင်ကွင်းမှာပဲ ကားကြီးနှစ်စီးနဲ့အပုံလိုက်တင်လာတာ။(မှတ်တမ်း) ပုံတော့မရလိုက်ဘူးဗျ။ အဲဖက်က သွားလာမရတော့လို့ မသွားရဲကြတော့ဘူး”ဟု စစ်တပ်ထိခိုက်သေဆုံးမှုအခြေအနေကို ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ခိုက်ခံရမှုများအပြီး ဒီဇင်ဘာ ၄ရက်ကမှ၍ စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းကာ မောင်မယ်ရှောင်ကျေးရွာ၊ ညင်းထွေးရွာနှင့် မှီအုံးကျေးရွာတောင်ဘက်စသည့်နေ ရာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။
စစ်ရေးတိုက်ခိုက်မှုများကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLFပါဝင်သည့် သာဂရစစ်ကြောင်းနှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နှင့် ဖက်ဒရယ်ဓူဝံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။