Connect with us

Hi, what are you looking for?

သတင်း

ဆေးသင်တန်းသား ရဲဘော် ၁၈ဦးသေဆုံးခဲ့သည့် ဖြစ်ရပ် ကျောင်းအုပ်အပါအဝင်သုံးဦးကို ထောင်ဒဏ် ချမှတ်ဟု KNDF ထုတ်ပြန်

အရေးတော်ပုံအောင်မြင်သည့်အချိန် ကျဆုံးရဲဘော်များ အားလုံးအတွက် ထိုက်တန်စွာ ဂုဏ်ပြုပါမည်ဟု ကတိပြုကြောင်းလည်း KNDFက ထုတ်ပြန်ကြေညာသည်။

(ရေထဲမျောပါသွားသည့် ဆေးသင်တန်းသား ရဲဘော်တစ်ဦး​၏ ရုပ်အလောင်းတစ်လောင်းကို သယ်ယူလာစဉ်။ဓာတ်ပုံ- Karenni People's Voice)
(ရေထဲမျောပါသွားသည့် ဆေးသင်တန်းသား ရဲဘော်တစ်ဦး​၏ ရုပ်အလောင်းတစ်လောင်းကို သယ်ယူလာစဉ်။ဓာတ်ပုံ- Karenni People's Voice)

ဟန်နွေ၊ရဲခေါင်/People’s Spring

ဆေးသင်တန်းသား၊ သင်တန်းသူများ ညဘက် လေ့ကျင့်ရေးပြုလုပ်စဉ် ရေဘေးကြုံရပြီး သင်တန်းသား ၁၈ဦးရေမျောသေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူကျောင်းအုပ် ၊ သင်တန်းဆရာနှင့်သင်တန်းအကူတို့ကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၁၅ရက်)ထုတ်ပြန်သည်။

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ခြမ်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှ ဦးစီးဖွင့်လှစ်သော Frontline Combat Medic သင်တန်း၏ ညဘက်လေ့ကျင့်ရေး အစီအစဉ်တစ်ခုကို စက်တင်ဘာ ၁၁ရက်က ပြုလုပ်ရာ သင်တန်းသားရဲဘော် ၁၈ဦး တောင်ချချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၀၂ဦး တက်ရောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ရက်တွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ကာ အမှုကြားနာ စစ်ဆေးခဲ့ရာ ဖြစ်စဉ်အပြီး သုံးလကျော်အကြာတွင် တာဝန်ရှိသူများကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတင်ပြချက်အရ သော်လည်းကောင်း၊ တရားခွင်အတွင်း စွပ်စွဲခံရသူများနှင့် သက်သေခံထွက်ဆိုချက်အရသော်လည်းကောင်း ဖြစ်စဉ်အတွက် တာဝန်ရှိသူ ကျောင်းအုပ် တစ်ဦး၊ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာတစ်ဦးနှင့် သင်တန်းအကူ တစ်ဦးတို့သည် တာဝန်ရှိကြောင်း ထင်ရှားခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ထို့ကြောင့် KNDF၏ စစ်အက်ဥပဒေပြစ်မှုဆိုင်ရာ ပုဒ်မ(၁၇)၊(၂၇)အရ ကျောင်းအုပ်တစ်ဦး၊ ကာယ လေ့ကျင့်ရေး Physical Training (PT) ဆရာတစ်ဦးတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁)နှစ်နှင့်(၃)လ စီ ချမှတ်လိုက်ပြီး ကျန်သင်တန်းအကူတစ်ဦးကို ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ(၂၇)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃) လကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ဟု ဖော်ပြသည်။

KNDFအနေဖြင့် အခက်အခဲများစွာရှိသေးသော်လည်း တော်လှန်ရေးရည်မှန်းချက် အောင်မြင်သည်ထိ ဆက်လက်ကြိုးပမ်းသွားမည့်အပြင် တော်လှန်ရေးကာလ၌ အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမည်ဟုလည်း အသိပေးသည်။

ထို့အပြင် အရေးတော်ပုံအောင်မြင်သည့်အချိန် ကျဆုံးရဲဘော်များ အားလုံးအတွက် ထိုက်တန်စွာ ဂုဏ်ပြုပါမည်ဟု ကတိပြုကြောင်းလည်း KNDFက ထုတ်ပြန်ကြေညာသည်။

ဆေးသင်တန်းသား ၁၈ ဦးရေနစ်သေဆုံးခဲ့သည့် ဖြစ်ရပ်အပေါ်မြေပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအနှစ်ချုပ် ကိုလည်း KNDFက အောက်တိုဘာ ၁ရက်ကတည်းက ထုတ်ပြန်ခဲ့ရာ စုံစမ်းတွေ့ရှိချက်များအရစက်တင်ဘာ ၁၁ ရက်တွင် ကျောင်းအုပ်နှင့် သင်တန်းဆရာသုံးဦးသည် ည ဘက်လေ့ကျင့်ရေး ပြုလုပ်ရန် ၎င်းတို့အချင်းချင်းကြားဆွေးနွေးညှိနှိုင်းခဲ့ရာ ကျောင်းအုပ်နှင့် PT မှူးတစ်ဦးက သဘောတူခဲ့ပြီးသင်တန်းဆရာတစ်ဦးနှင့်သင်တန်းအကူတစ်ဦးက သဘောမတူခဲ့ကြောင်း ဖော်ပြသည်။

သို့သော် သင်တန်းကျောင်းအုပ်၏ ဆုံးဖြတ်ချက်ကို အတည်ပြု၍ ကျန်သင်တန်းဆရာသုံးဦးက လိုက်နာခဲ့ကြသော်လည်းထိုဆုံးဖြတ်ချက်ကိုသင်ကြားရေးဘက်မှ ဆရာ၊ဆရာမ များသင်တန်းသူ၊သင်တန်းသားအများစုနှင့် KNDFမှ တာဝန်ရှိသူများမသိရှိခဲ့သည်ကို တွေ့ရှိရဟုဆိုသည်။

စက်တင်ဘာ ၁၁ရက် ည ၈နာရီခွဲတွင် ကျေးရွာ၏ လယ်စိုက်ခင်းအနီးရှိ ချောင်းကူးတံတားအနီးမှစ၍ ကျောင်းသားစုစုပေါင်း ၉၈ ဦးထွက်ခွာခဲ့ကာ အုပ်စုအားဖြင့် ခုနှစ်ဖွဲ့ ဖွဲ့ပြီး တစ်ဖွဲ့လျှင်သင်တန်းသား၊သင်တန်းသူ ဦးရေး ၁၅ဦးခန့်သည် ချောင်းကူးတံတားပေါ် တစ်ဦပခုံးတစ်ဦးကိုင်၍ နှစ်ယောက်တစ်တွဲအနေအထားဖြင့် အနောက်မှ အရှေ့သို့ ကျောပိုးအိတ်များကို ကိုင်ဆွဲ၍ ဆင်းခဲ့ကြောင်း၊ရေထဲသို့ရောက်ပြီးချိန်တွင် သင်တန်းသူ၊သင်တန်း သားအချို့သာတံတား၏ တစ်ဖက်ကမ်းကိုကူးနိုင်ခဲ့ပြီး သင်တန်းသူ၊သင်တန်းသား ၁၈ဦးရေနစ်မြှုပ်မျောပါသေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ရေနစ်မြှုပ်နေသောသူများ ဆင်းကယ်ရန်ကြိုးစားသည့် သင်တန်းသားလေးဦးမှာ ပထမအကြိမ်တွင် ရေနစ်မြှုပ်နေသူသုံးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒုတိယအကြိမ်ထပ်မံဆင်းကယ်ရာတွင် ၎င်းတို့လေးဦးအနက် သုံးဦးပါရေနစ်သေ ဆုံးခဲ့ရသည်ဟု ဆိုသည်။

မစ်ရှင်ပြုလုပ်သည့်နေ့သည့် ကရင်နီပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး ရာဂီမုန်တိုင်းဝင်ရောက်နေသည့် ကာလဖြစ်သည်။

သင်တန်းကျောင်းအုပ်သည် စက်တင်ဘာ ၁၁ ရက် ညပိုင်းမစ်ရှင်ပြုလုပ်မည့် ဆုံးဖြတ်ချက်မချမီ အင်တာနက်အသုံးပြုခွင့်ရခဲ့ကာ ၎င်းသည် သဘာဝဘေး အန္တရာယ်ဖြစ်ပွားနေသည်ကို သတိပြုမိထားကြောင်း၊သင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာတစ်ဦးသည် ဖြစ်စဥ်မတိုင်မီ မွန်းလွဲသုံးနာရီခန့်က အဆိုပါရေချောင်း ထဲသို့ဖြတ်သန်းသွားကြောင်း သက်သေထွက်ဆိုချက်အရ တွေ့ရှိရသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာရေကြောင်းလမ်းဆိုင်ရာမစ်ရှင်အတွက် အသက်အန္တရာယ် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းနာများ၊ဆန်းစစ်ချက်များ၊အထောက် အကူများ၊ကျန်းမာရေးအရေးပေါ်ဆိုင်ရာ စောင့်ရှောက် မှုများကို လုံးဝ ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိဘဲ မစ်ရှင်ကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း စုံစမ်းရေးအဖွဲ့က ထုတ်ပြန်သည်။

သင်တန်းကျောင်းအုပ်အပါအသင် သင်တန်းဆရာနှစ်ဦးသည် ညမစ်ရှင်ထွက်ရန် ဆုံးဖြတ်ချက်မချမီ အရက်၊ ဘီယာသောက်သုံးထားသည်ဟု ဝန်ခံထားသည်။

သောက်သုံးမှုပမာဏအရ ကျောင်းအုပ် Grand အပြာကို Speedအချိုရည်ဘူး တစ်ဝက်ခန့်သောက်ထားပြီး သင်တန်းဆရာနှစ်ဦးသည် ရိုးမဘီယာအနီတစ်ဘူးစီ သောက်ထားသည်ဟု ဆိုသည်။

လူသေဆုံးမှုဖြစ်ခဲ့သော Happy Mission သည် ပေးအပ်ထားသည့် တာဝန်ဖြင့် သင်တန်းဆရာများ၏ တသီးပုဂ္ဂလဆုံးဖြတ်ချက်နှင့် စီစဥ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဥ်တွင် အမိန့်ပေးသူသင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာသုံးဦးသည် ရဲဘော်၊ရဲမေများအား လေ့ကျင့်စေခိုင်းရာတွင် အသက်သေဆုံးလိုသော ဆန္ဒ မပါဝင်ကြောင်း တွေ့ရှိရသော်လည်း မစ်ရှင်မပြုလုပ်မီ ကြုတင်ပြင်ဆင်မှု အလုံးစုံမရှိဘဲပေါ့ဆမှု၊စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက် မှားယွင်းမှုများရှိကြောင်း KNDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် တာဝန်ထမ်းဆောင်ပြီးနောက် ကရင်နီပြည်နယ်သို့ပြန်ရောက်ပြီး တိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၏ အမှတ် (၆၀၆)စစ်ဦးစီးတပ်က အသိပေး ထုတ်ပြန်သည်။

သတင်း

ယခုနှစ်သစ်တွင်အောင်ပွဲများရယူရန်ပြင်ဆင်နေပြီး ယုံကြည်မှုများရှိကာ စခန်းများ အပြီးသတ်သိမ်းနိုင်ရန် ကြိုးစားမည်ဟုလည်း KNDF ဥက္ကဌက ဆိုသည်။

သတင်း

တပ်သား သန့်ဇော်ဦး၊ဝေယံထွန်း(၁)၊ဝေယံထွန်း(၂)တို့သည် ခမရ -၄၂၂ တပ်တွင်းမှ အသက်လွတ်ပြေးကာ CDM ပြုလုပ်လာကြောင်း ကနဦး အသိပေးထားသည်။