Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေပြန်လာအောင် အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေဟု KNDF တာ၀န်ရှိသူ ပြော

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေ ပြန်လာအောင် အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(လွိုင်ကော်မြို့နယ်ရှေ့ခြမ်းက ဝမ်ငေါ့စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

နို၀င်ဘာ -၁၊၂၀၂၆။ဇော်၀င်း/People’s Spring

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေ ပြန်လာအောင် အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၃၁ရက်က လွိုင်ကော်မြို့အရှေ့ခြမ်းမှာရှိတဲ့ စစ်ရှောင်စာသင်ကျောင်း စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ‌ကလေးငယ်တွေ ထိခိုက်သေဆုံးမှုအပါအ၀င် အရပ်သားတွေအပေါ် လေကြောင်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်မှုတွေ ပိုများတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ရည်ရွယ်ချက်ကို သူက ဆိုပါတယ်။

“အဓိက စကစ ဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ က သူတို့ အုပ်ချုပ်မှုအောက်မှာမရှိလို့ဖြစ်ပါတယ်။ သူတို့အုပ်ချုပ်တဲ့နယ်မြေ ပြည်သူတွေ ပြန်လာအောင် သူတို့အုပ်ချုပ်တာကို ပြည်သူတွေ လက်ခံအောင် အကြမ်းနည်းနဲ့ ဖိအားပေးတာဘဲဖြစ်ပါတယ်”လို့ KNDF တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

“နေ့ဘက်တွေဆို ဗုံးကြဲတယ်။ညဘက်တွေဆိုရင် လေယာဉ်တွေပျံတယ်။ကျွန်မတို့ ကောင်းကောင်းနေ ကောင်း မအိပ်ရအောင်အမြဲလုပ်တယ်။အခုနောက် ပိုင်းပိုဆိုးတယ်။အရင်က ဒရုန်းမရောက်တဲ့ နေရာတွေပါ ဒရုန်းနဲ့ဗုံးကြဲတာတွေပါ ခံလာရတယ်”လို့ ဒီးမော့ဆို အနောက်ခြမ်းဒေသမှာရှိတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက စစ်တပ်ရဲ့အရပ်သားတွေအပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ခုခံမှုကို ရွေးချယ်ခဲ့တဲ့ ကရင်နီပြည်နယ်ဟာ နဂိုရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ၀င်ခဲ့တာကြောင့်ဒေသတွင်းနယ်‌မြေ အများစုကို စိုးမိုးထားခဲ့တာဖြစ်ပါတယ်။

၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ ကရင်နီပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး မြို့တော် လွိုင်ကော်ကို သိမ်းနိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။

လက်ရှိမှာ စစ်တပ်က လွိုင်ကော်မြို့ကို အခြေပြုပြီးအုပ်ချုပ်ရေးယန္တရားကိုလည်ပတ်နေပေမယ့် ဒေသခံပြည်သူတွေအနည်းစုသာပြန်လည်၀င်ရောက်ပြီး အများစုက စစ်တပ်မိသားစု၀င်တွေနဲ့ သူတို့ကိုထောက်ခံသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က သူတို့ရဲ့အုပ်ချုပ်မှုမှာ ပြည်သူတွေ ပါ၀င်နေပါပြီ ဆိုတာ နိုင်ငံတကာကိုပြချင်တာ။တောင့်မခံနိုင်လွန်းတဲ့ သူ‌တချို့ ပြန်၀င်ကြတာရှိပေမယ့် ဒေသခံ‌တွေက တော်လှန်ရေးတပ်တွေနဲ့ အတူ ရုန်းနေကြတုန်းပါပဲ”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူ ၂ သိန်းကျော်ပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁ သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဩဂုတ်လက ထုတ်ပြန်ထားပါတယ်။

စစ်ရေးအချက်အလက်တွေအရ ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ် မယ်စဲ့၊ရှားတောမြို့ နဲ့ သတ္တုထွက်ရှိရာ မော်ချီးဒေသတွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲ မြို့အနီးတဝိုက်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။