စက်တင်ဘာ-၁၈၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၁၇ ရက်)နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦး ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ကြီးမားတဲ့ဆုံးရှုံးမှု “လို့ KNDF တပ်ရင်း (၁၀) ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ကရင်နီပြည်နယ်က ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။
“နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံ အနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်ကလည်း ရှမ်း-ကရင်နီ ဒေသအစပ် ဝါရီဆူးပလိုင်ရွာအနီး၀န်းကျင်မှာရှိတဲ့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ ကာကင်းစခန်း ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲဘော် ၂ကျဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက မိဘမဲ့ကျောင်းကို စစ်တပ်ရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၂ဦး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံနဲ့စစ်ရှောင်ကူညီသူတွေက ပြောထားပါတယ်။
အခု စက်တင်ဘာအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီးဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။
လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။


















































