ဟန်နွေ/People’s Spring
ကရင်ပြည်နယ် ရွှေကုက္ကိုလ်အပါအဝင် ဒေသတွင်း၌ ခရစ္စမတ်ကာလအတွင်း အန္တရာယ်ရှိ ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်ပြင်ဆင်မှုများလုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW) ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်က သတိပေးပြောသည်။
လက်ရှိတွင် Cholera ကာလဝမ်းရောဂါဖြစ်ပွားသည့်အပေါ် KDHW ၏ သဘောထားနှင့် လုပ်ဆောင်နေမှုများအား ပဒိုစောဒိုင်းမွန်းခင်က ရှင်းလင်းပြောကြားမှုကို KNU ဗဟိုက ဒီဇင်ဘာ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်း – မြန်မာနယ်စပ်တွင် လူသေဆုံးသည်အထိပြင်းထန်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်မှုများရှိပြီး ကရင်ဘက်က ပြင်ဆင်ထားမှု အခြေအနေများကိုလည်း အသိပေးထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုလ်မြို့သစ်၌ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ရာချီကူးစက်မှုများဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့မှ မယ်ပ၊ ထုံထောင်းစသည့် နေရာများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူ မြန်မာ၂ဦးအပါအဝင် ၄ဦးကူးစက်ခံထားရကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
မကြာသေးမီက ထိုင်းနိုင်ငံဘက်ရှိ ဆေးရုံတာဝန်ရှိသူက ဆက်သွယ်မေးမြန်းလာမှုအပေါ်ကရင်ဒေသ၌ ဝမ်းရောဂါနှင့်ပတ်သက်ပြီး ပညာပေးအဖွဲ့များက ကျေးရွာများသို့ ပညာပေးလုပ်ငန်းဆောင်ရွက်မှုပြုလုပ်ထားသည်ဟု ဆိုသည်။
ထို့အပြင် ကူးစက်မှုရောဂါဖြစ်ပါက ဖြစ်ပေါ်လာသည့် လက္ခဏာများ၊ ကာကွယ်ရေး အစီအမံများကို ပညာပေးမှု၊ လက်လှမ်းမမီသည့် ဧရိယာများ၌ သက်ဆိုင်ရာဒေသမှ စေတနာ့ဝန်ထမ်းကို သင်တန်းပို့ချသည့်နည်းဖြင့် ကာကွယ်ရေး ဆောင်ရွက်နေမှု တို့ ပြုလုပ်နေကြောင်း ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။ ထိုင်းနိုင်ငံဘက်ကလည်း အပြန်အလှန်ဆက်သွယ်မှုရှိပြီး အကူအညီများ ရရှိခဲ့သည်ဟု ဆိုသည်။
စိတ်ဝင်စားသည့် NGOများအား ကာကွယ်ဆေး ကရိုရင်းမှုန့်၊ ဓာတ်ဆားထုပ်အပါအဝင် လိုအပ်သည့် ဆေးဝါးများ စုဆောင်းထားရှိပြီး သက်ဆိုင်ရာဒေသ၌ စင်တာများ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ရောဂါဖြစ်ပွား လူနာများကို သီးသန့်ထားရှိ ပြီး စနစ်တကျကုသမှုပေးနိုင်ရေး ပြင်ဆင် ထားသည်ဟု ဆိုသည်။
“ဒီရောဂါဖြစ်လာတာက အခုက ခရစ္စမတ်နှစ်သစ်ကူး လုပ်တဲ့အချိန် ပွဲတွေဘာတွေလုပ်တဲ့အချိန် ပြီးတော့ လူထူထပ်တဲ့အချိန်လည်းဖြစ်တယ် ပြီးတော့လည်း အစားအသောက်တချို့ကလည်း ဆိုင်မှာရောင်းတော့ အေးကုန်ပြီ သူတို့က လည်း စီးပွားရေးသမားဆိုတော့ ဆက်ရောင်းတာရှိတယ်။ ဖြစ်လာတာက မသန့်တဲ့ရေတို့ အစားအစာတို့ ဒီသိုးခါနီးအစားအစာတွေ စားမိမယ်ဆို ပိုပြီးတော့ အဖြစ်များပါတယ်”ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
ရေသန့်မဝယ်သောက်နိုင်ပါက ရေနွေးကျိုချက် သောက်သုံးရန်၊ အစားအသောက် ပူပူနွေးနွေး ချက်ပြုတ်ရန်၊ လက်ဆက်သည့် အစားအစာများ စားသုံးရန်၊ ယင်လုံအိမ်သာအသုံးပြုရန် ၎င်းက တိုက်တွန်း အကြံပြုသည်။
” လက္ခာဏာပြပြီဆိုရင်တော့ အကြိမ်ပေါင်းများစွာ ဝမ်းသွားမယ်။ သုံးကြိမ်အထက်သွားပြီဆို အရောင်က ဆန်ဆေးရေအရောင်လိုဖြစ်မယ် အနံ့ကလည်း တအားပြင်းမယ် ပြီးတော့ ပဏာမ ဝမ်းသွားတာထက်ပိုပြီးတော့များတယ် ပြီးတော့အပူလည်း တက်လာမယ် နောက်တစ်ခုက အော့အန်မယ် ပြီးတော့ ဗိုက်အောက်မှာ ဒါတွေကို တွေ့ရှိနေကျဖြစ်ပါတယ်။ဝမ်းသွားပြီး သုံးကြိမ် ထက်များပြီဆို ကျနော်တို့ သတိထားရမယ်”ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
ဆေးဝါးမရ ၊ဆေးကုသမှုမရပါက အသက်ဆုံးရှုံးနိုင်ခြေရှိသည့် ကူးစက်ရောဂါဟု ၎င်းက ပြောသည်။
“စနစ်တကျနဲ့ ကျနော်တို့ မကာကွယ်နိုင်ဘူးဆိုရင်တော့ လူအများကြီး သေနိုင်တယ်”ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
ယခု ကူးစက်ဝမ်းရောဂါသည် ကာကွယ်ရေးက အဓိကဖြစ်ပြီး ကောင်းမွန်စွာ ကာကွယ်နိုင်ရန်လိုအပ်ကြောင်း၊ လူစုလူဝေးမလုပ်ရန်၊ ရောဂါဖြစ်ပွားရာဒေသသို့ လူဝင်၊ လူထွက်တားမြစ်ရန်၊ လိုအပ်သည့် ဆေးဝါးများ လုံလောက်စွာ စုဆောင်းထားရန်၊ ကျေးရွာ၌ ကျန်းမာရေးလုပ်သားများ၊စေတနာ့ဝန်ထမ်းများမှ တဆင့် ရောဂါ ကာကွယ်ရေး ၊ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် ပဒိုစောဒိုင်းမွန်းခင်က ပြောကြားသည်။