ဟန်နွေ/People’s Spring
ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) ဗဟိုဌာနချုပ်ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLAက ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်တွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၃၁ရက်နံနက်က က်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“မနက် ၁၁နာရီ အချိန်မှာ ၄ကြိမ် လာကြဲသွားတယ်။ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတခု ထိခိုက်ပျက်စီးသွားပါတယ်။ အများပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေကို PNLAဘက်က အသိပေးထားခြင်းမရှိပေ။
PNLAသည် ၂၀၂၄ နှစ်ဆန်းကစ၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဆီဆိုင်၊ မောက်မယ်နှင့် ဟိုပုံးဒေသများ၌ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။
ဆီဆိုင်မြို့ကို ပြီးခဲ့သည့် နှစ်ဆန်းပိုင်း၌ PNLAက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး အသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ ပြန်လည်နေရာယူခဲ့သော်လည်း ဒေသတွင်း တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။