အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ လူနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၄ရက်မနက် ၁၀နာရီလောက်မှာ မင်းတပ်မြို့ပေါ် တနေရာကို စစ်တပ်က တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၈လုံး ကြဲချခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလို့ဆိုပါတယ်။
“လူအထိအခိုက်တော့ရှိတယ်လို့ကြေားတယ် သေချာတော့ မသိရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူ့နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံက အသိပေးပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၂၂ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အနီး တနေရာကို လေယာဉ်ဗုံးကြဲခဲ့ပါသေးတယ်။ တိုက်လေယာဉ် ၆စီး၊ Y12 လေယာဉ် ၁စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အတွဲလိုက်ဗုံးတွေ အပါအဝင် ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ် ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးဒေသတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး မေလကနေ အခုထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
လတ်တလော မင်းတပ်နဲ့ ဆောမြို့နယ် ကျောက်ထုအကြားမှာ တိုက်ပွဲတွေ ရှိနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ချင်းတောင်ပိုင်းဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာမှာ တိုက်ပွဲအတွင်း အထိနာတာကြောင့် ရှုံးမဲမဲပြီး ပြည်သူတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း CPU/CPAက ထုတ်ပြန်ထားပြီး ပြည်သူတွေ လေကြောင်း သတိပြုဖို့ နှိုးဆော်ထားပါတယ်။

















































