People’s Spring
ယနေ့ (ဇန်နဝါရီ ၄ရက်) ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ကြေညာသည်။
၎င်းတို့သည် နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ထောင်ဒဏ်တသက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း၊ နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီသည် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် မတရားဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများအား အနည်းငယ်သာ ထည့်သွင်းလေ့ရှိသည်။ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်လည်း နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရှိရသေးပေ။