Connect with us

Hi, what are you looking for?

သတင်း

စစ်ဒဏ်နှင့် မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါဆုံးရှုံး ပြည်သူများကို ခြေတုလက်တု အခမဲ့တပ်ဆင်ပေးမည်ဟု ကိုးကန့်အထူးဒေသ(၁) အသိပေး

အထူးဒေသ(၁)ကို MNDAA သိမ်းပိုက်ပြီးနောက် ဒေသတွင်း ကလေးငယ်များအား ကာကွယ်ဆေးထိုး လုပ်ငန်းကို အောင်မြင်စွာလုပ်

လားရှိူး ​​ဆေးရုံး​တွင် က​လေးငယ်များကိုကာကွယ်​​ဆေးထိုး​ပေး​နေစဥ်။ ဓါတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး

ဆောင်နိုင်ခဲ့ဟုဆို

ဟန်နွေ/People’s Spring

စစ်ဒဏ်နှင့် မြေမြှုပ်မိုင်းကြောင့်ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ယခု ၂၀၂၅ နှစ်ဆန်းမှစ၍ ခြေတု၊ လက်တု အခမဲ့တပ်ဆင်ပေးမည်ဖြစ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော် (MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောကြားသည်။

အထူးဒေသ(၁)၌ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် အခြေအနေနှင့်ပတ်သက်၍ ဒေါက်တာဘသက်နှင့်အမေးအဖြေကဏ္ဍကိုလားရှိုးမြို့ပြန်လည်ထူထောင်ရေး ဖေ့စ်ဖွတ်ခ် စာမျက်က ယမန်နေ့ ဇန်နဝါရီ ၁၃ရက်ညတွင် ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

အထူးဒေသ(၁) ကျန်းမာရေးဌာန အနေဖြင့် ဒေသတွင်း ပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် အခြေအနေများကို ဒေါက်တာဘသက်က ပြောပြခဲ့သည်။

လားရှိူးမြို့ အတွင်း လုံခြုံ​ရေးယူထား​သော MNDAA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး

“စစ်ဒဏ်နဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကြောင့်မို့လို့ပေါ့ ခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ ပြည်သူတွေအတွက်ကို ဒီနှစ်ဆန်းပိုင်းကနေစပြီး ခြေတုလက်တု အခမဲ့တပ်ဆင်ပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဒေါက်တာဘသက်က ပြောကြားသည်။

၂၀၂၄ ခုနှစ်အတွင်းဆေးရုံပေါင်း ၁၁ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၈ခု တည်ဆောက်နိုင်ခဲ့ပြီး အတွင်းလူနာ ၉ထောင်ကျော်၊ ပြင်ပလူနာ ၁၈၀၀၀၀ ကျော် ကုသပေးနိုင်ခဲ့ကြောင်း၊ ငှက်ဖျား၊ တီဗွီ၊ HIV ရောဂါလူနာများအား အခမဲ့ကုသပေးခဲ့ကြောင်း၊ မူးယစ်ဆေးဆွဲလူနာ ၁၂၀ ကို ကုသပေးခဲ့ကြောင်း ပြောပြသည်။ မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ပြုပြင်ကုသပေးမည့်အစီအစဉ်များ ရှိကြောင်း၊ လည်ပင်းကြီးရောဂါ မျက်စိအတွင်းတိမ်ရောဂါများကိုလည်း အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း ပြောပြသည်။

“၂၀၂၄ ခုနှစ်အတွင်း ကျနော်တို့ ဌာနရဲ့ အအောင်မြင်ဆုံးလုပ်ဆောင်ချက်တစ်ခုကတော့ ဒေသတစ်ခုလုံးမှာရှိတဲ့ အသက် ၃နှစ်အောက် ကလေးငယ်တွေအကုန်လုံးကို အပြည့်အ၀ ကာကယ်ဆေးထိုးနှံတိုက်ကျွေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာဘသက်က ပြောသည်။

ကာကွယ်ဆေးထိုးနိုင်ရန် အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆေးဝယ်ယူရေးလုပ်ငန်းများ စတင်ခဲ့ကြောင်း၊ WHO အသိအမှတ်ပြု ဆေးများဖြစ်ကြောင်း အသိပေးသည်။ဆေးသယ်ယူသိုလှောင်ရေးလုပ်ငန်းများကိုလည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ၌ အတွေ့အကြုံ ရှိခဲ့သည့် ကျွမ်းကျင်ပညာရှင်များက ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

“ကာကွယ်ဆေးတွေလိုက်ထိုးတယ်ဆိုတဲ့နေရာမှာဆိုလည်း အရင်တုန်းကဆိုရင် တခါမှ ထိုးနိုင်ခဲ့ခြင်း မရှိတဲ့ ဟိုးဝေးလံခေါင်ဖျားခက်ခဲ တောင်ပေါ်ဒေသတွေအထိ သွားရောက်ပြီး ထိုးနှံ တိုက်ကျွေးနိုင်ခဲ့ပါတယ်။အခုဆိုရင် ပေါ့နော် ကျနော်တို့ လက်ထဲမှာ ၂၀၂၅ ခုနှစ်အတွက် ဒေသတစ်ခုလုံးစာ လုံလောက်တဲ့ကာကွယ်ဆေးပမာဏကို ရရှိထားပြီဖြစ်တယ်” ဟု ဒေါက်တာဘသက်က ပြောသည်။

အထူးဒေသ(၁)အပြင် အခြားသော ဒေသများ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကူညီပေးရန်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဒေါက်တာဘသက်က ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း ဆေးရုံများ ပိုမိုကောင်းမွန်လာပြီး ပြည်သူများ ယုံကြည်စိတ်ချစွာ ကုသမှု ခံယူနိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကိုလည်း နိုင်ငံတကာ အဆင့်မီ အကောင်းဆုံးဓာတ်ခွဲခန်းတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဆေးပညာသင်ကြားရေးနှင့်ပတ်သက်၍ အလုပ်သင်ဆရာဝန် သင်ကြားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ အထူးကုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားသွားမည်ဟု ဒေါက်တာဘသက်က ပြောပြသည်။

ဒေသတစ်ခုလုံးအတွက်ကို အရေးပေါ် လူနာတင်ယာဉ် ခေါ်ယူရေးစနစ်တစ်ခုကို ယခုနှစ်အတွင်း စတင်ဖော်ဆောင်မည်ဟုလည်း အသိပေးသည်။

MNDAAနှင့်မဟာမိတ်များသည်၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲပြီး တစ်နှစ်အတွင်း ကိုးကန့်ဒေသ အပါအဝင် ရှမ်းမြောက်ဒေသ တစ်ခုလုံးနီးပါးမှ စစ်ကောင်စီတပ်များကို မောင်းထုတ်ကာ MNDAAနှင့် မဟာမိတ်များက မြို့များကို သိမ်းပိုက်ိထိန်းချုပ်ကာ အုပ်ချုပ်ရေး လုပ်ငန်းများ ဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပမည်ဖြစ်သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)တပ်များ လားရှိုးမြို့၌ ဆက်ရှိနေပြီး နောင်လများအတွင်း ပုံမှန်လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် ညွှန်ကြားမှုများဆက်ရှိနေကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေသည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”