Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့၌ မိုင်းနှင့်အပျက်အစီးရှင်းလင်းရေးလုပ်ဆောင်နေပြီး ပြည်သူများမကြာမီ ပြန်လာနေနိုင်တော့မည်ဟု ပကဖပြော

ချင်းညီနောင်မဟာမိတ်များသိမ်းပိုက်ထားသည် ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ပြည်သူများ မကြာမီပြန်လာနေနိုင်တော့မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ဆလိုင်းယောမာန်က ယနေ့(ဇန်နဝါရီ ၁၈ရက်)တွင် ပြောကြားသည်။

မင်းတပ်မြို့တွင်း နေရာအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Za Latt Thwe

ဟန်နွေ/People’s Spring

ချင်းညီနောင်မဟာမိတ်များသိမ်းပိုက်ထားသည် ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ပြည်သူများ မကြာမီပြန်လာနေနိုင်တော့မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ဆလိုင်းယောမာန်က ယနေ့(ဇန်နဝါရီ ၁၈ရက်)တွင် ပြောကြားသည်။

ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေခြင်းကို ယနေ့တွင် အွန်လိုင်းမှ ပြုလုပ်ခဲ့ရာ ဆလိုင်းယောမာန်က မင်းတပ်မြို့ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် လူထုများ ပြန်လာနေနိုင်မည့် အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

“မြေမြှုပ်မိုင်းပြန်ဖော်ရမယ် ရှင်းလင်းရမယ်။ မကွဲသေးတဲ့ ပေါင် ၅၀၀ဗုံးတွေပေါ့နော်။ ဘုရားရင်ပြင်တော်မှာ လူနေအိမ်ထဲမှာ ရှိနေတာရှိတယ်။ ဒီစစ်ကောင်စီက ကလက်စတာ ဗုံးတွေ သုံးထားတာပေါ့နော် အဲဒီ ကလက်စတာဗုံးတွေမှာလည်း မကွဲသေးတာရှိတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ပြန်ရှာဖွေရှင်းလင်းနေရတာတွေရှိတယ်။”ဟု ဆလိုင်းယောမာန်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် ရေပိုက်သွယ်ယူရေး ၊ ကာလမ်းတလျှောက် ခြုံနွယ်များရှင်းလင်းရေး၊ အဆောက်အဦးအပျက်အစီးများ ရှင်းလင်းရေးများလည်းလုပ်ဆောင်နေကြောင်း ပြောပြသည်။

“သိပ်မကြာခင်တော့ မြို့ပေါ် ပြည်သူတွေပြန်နေနိုင်မှာပါ။ အဲဒါလေးလိုက်လုပ်နေလို့ပါ”ဟု ဆလိုင်းယောမာန်က ပြောသည်။

မြို့ပေါ်သို့ ပြည်သူများ ပြန်လာနေပါက လေကြောင်းရန်ကြောင့် လူစုလူဝေး မလုပ်ရန်နှင့် မလိုလားအပ်သည့် ရာဇဝတ်မှုများ မဖြစ်စေရန်အတွက်စည်းကမ်းများ သတ်မှတ်သွားရန်ရှိသည်ဟု ဆိုသည်။

“လူစုလူဝေးတွေမလုပ်ဖို့ပေါ့။ စစ်ကောင်စီက အမြဲတမ်းချောင်းနေတာကိုး။ ပြီးခဲ့တဲ့ သုံးနှစ်တာတုန်းက ကျနော်တို့ အစည်းအဝေးလုပ်ပြီဆို ဗုံးလာကြဲတယ် တနေရာစုပြီဆို ဗုံးလာကြဲတယ်ဆိုတော့ အကုန်လုံးရှောင်လွှားနေရတာပေါ့”ဟု ဆလိုင်းယောမာန်က ပြောသည်။

စစ်ကောင်စီတပ်က မီးရှို၊ လေယာဉ်ဗုံးကြဲခဲ့၍ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များအတွက်နေစရာ ဖန်တီးပေးရန် စီမံရမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်ဟု အသိပေးသည်။

ရေတွေပြန်သွယ်ဖို့ ပိုက်ဆက်ခြင်း၊ လျှပ်စစ်မီးရရှိရေး၊ ပြည်သူလူထု စားဝတ်နေရေး ပြေလည်စေရေး အတွက် လုပ်ဆောင်သွားမည့်ကိစ္စများစွာရှိပြီး စျေးပြန်ဖွင့်ရန်၊ ယာဉ်လိုင်းများ ပြန်ထွက်ရန်၊ ပညာရေးကဏ္ဍ၌ အဆင့်မြင့်ပညာရေးကို ချိတ်ဆက်လုပ်ဆောင်ရန်၊ တရားဥပဒေစိုးမိုးရေး အပြည့်အ၀ရှိရန် တို့ကို ဦးတည်လုပ်ဆောင်မည်ဟု ဆလိုင်းယောမာန်က ပြောသည်။

“အချိန်တော့ယူရမှာပါ။ မြို့တွေ ပြန်လည်စီးပွားပြေလည်ဖွံ့ဖြိုးတိုးတက်လာဖို့ တဖြည်းဖြည်းချင်းစီတော့ သွားနေကြပါတယ်”ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်နှင့် မဟာမိတ်များက ချင်းညီနောင်စစ်ဆင်ရေးအဖြစ်မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင်စတင်ခဲ့ရာ ရက်ပေါင်း ၄၀ကျော်အကြာ ဒီဇင်ဘာ ၂၁ရက်တွင် မြို့ကိုအပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် ရာချီ၍ စစ်သုံပမ်းအဖြစ်ဖမ်းမိခဲ့သည်။

မင်းတပ်မြို့သိမ်းပိုက်နိုင်ပြီးနောက် ဒီဇင်ဘာ ၂၁ရက် ညပိုင်း၌ ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲများ ထွက်ပြေးသွား၍ ကန်ပက်လက်ကိုလည်း ချင်းညီနောင်က ဒီဇင်ဘာ ၂၂ရက်တွင် သိမ်းနိုင်ခဲ့သည်။

ကန်ပက်လက်မြို့ကိုမူ အကောင်းအတိုင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ မင်းတပ်မြို့ကဲ့သို့များစွာ အခက်အခဲမရှိဟု ဆလိုင်းယောမာန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။