သုည/People’s Spring
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် One Championship နှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲဦးထွက်အဖြစ် ချီလီဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း Oneက တရားဝင်ထုတ်ပြန်သည်။
ဘရော်နီကာသည် လာမည့် ဖေဖော်ဝါရီ ၁၄ရက်တွင် ပြုလုပ်မည့် ONE Friday Fights 97 ပြိုင်ပွဲ၏ အန်တန်ဝိတ်တန်း အမျိုးသမီးမွေထိုင်းစိန်ခေါ်ပွဲတွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။
Thai Fight ပြိုင်ပွဲတွင် နာမည်ကြီးနေသည့် ဘရော်နီကာသည် ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်က One Championship နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက် အလက်အရ One ၏ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

Public Service Announcement
ဘရော်နီကာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် အသက် ၂၅ နှစ်အရွယ် ချီလီနိုင်ငံသူ ဖရန်စီကာဗီရာသည် One Championship တွင် ၅ ပွဲ ထိုးသတ်ထားပြီး ၂ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားသည်။
အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲဆက် နိုင်ပွဲရရှိထားသူ ဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံထားရသူလည်း ဖြစ်သည်။
