မေ/People’s Spring
မန္တလေးမြို့၊ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်နားမှာ လူလေးဦးက စစ်သားဟန်ဆောင်ပြီး ကားသမားကိုဖမ်းဆီးရိုက်နှက်ကာ ကားလုယက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မန္တလေးမြို့က အသက်(၅၇)နှစ်အရွယ် ဦးညွှန့်ဝင်းဟာ ကားနဲ့ သွားလာနေစဥ် ၇၆လမ်းနဲ့၇၈လမ်းကြား၊ ၃၈လမ်း၊ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရဲ့ဘေးမှာကားရပ်ပြီး အပေါ့ သွားတဲ့အချိန် လူလတ်ပိုင်းအရွယ် လေးဦးရောက်လာပြီး ဖုန်းယူစစ်ကာ VPN ပါသည်ဟုဆိုကာ ကားနဲ့လူကိုဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီကားဟာ သိပ္ပံလမ်းကနေ အရှေ့တည့်တည့်မောင်းနှင်သွားပြီး ရေမြောင်းဘောင်အတိုင်း ပုသိမ်ကြီးမြို့၊မြကျောက်ဘုရားဘက်ကို မောင်းနှင်ပြီးနောက် ကားပိုင်ရှင် ဦးညွှန့်ဝင်းကို ဝိုင်းဝန်းရိုက်နှက်ကာ လမ်းဘေးချထားခဲ့ပြီး ကားနဲ့ဖုန်းကို ယူသွားတယ်လို့ ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီနောက် ဦးညွှန့်ဝင်းက အနီးပတ်ဝန်းကျင်အကူညီတောင်းခဲ့ပြီး လူမှုကူညီရေးအသင်းတစ်ခုရဲ့အကူညီနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာတွေကတော်တော်ပြင်းတယ်ဗျ။အမှုတော့ဖွင့်ထားတယ်”လို့ ဖြစ်စဥ်ကိုသိရှိသူတစ်ဦးက ပြောပါတယ်။
လုယက်မှုပြုလုပ်သူ လေးဦးဟာ တကယ့်စစ်သားတွေလား ဟန်ဆောင်ထားတာလားဆိုတာ မသိရသေးပါဘူး။
အလားတူ ဒီနေ့မှာလည်း ပုသိမ်ကြီးနဲ့ မန္တလေးမြို့ဆက်သွယ်ထားတဲ့ ၁၉လမ်းအရှေ့ထိပ် ကင်တာဖောင်ဒေးရှင်းအနီးမှာလည်း ဒီနေ့နေ့လည်ပိုင်းက အမျိုးသမီးတစ်ဦးဓားထောက်ပြီး ဆိုင်ကယ်လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄အတွင်းကလည်း မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်မှာ ရဲယူနီဖောင်းဝတ်ပါ လူတချို့က ဆိုင်ကယ်လုယက်တာတွေပြုလုပ်ခဲ့သလို မြို့နယ်တရားသူကြီးတစ်ဦးပိုင် ရွှေပန်းတိမ်တစ်ခုလည်းဓားပြတိုက်ခံခဲ့ရပါတယ်။
အဲဒီအဖွဲ့ကိုဦးဆောင်သူဟာ ပုသိမ်ကြီးမြို့မရဲစခန်းကနယ်ထိန်းရဲဖြစ်ပြီး စစ်တပ်က ရဲစခန်းတစ်ခုလုံးကို ညဖက်မှာ ဝင်စီးနင်း ဖမ်းဆီးခဲ့ပါသေးတယ်။


















































