ကျော်ဇော/People’s Spring
မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လယ် ၂ နာရီ ၂၅ မိနစ်ခန့်က ချောက်မြို့ဘက်မှ စလေ-တောင်သာလမ်းခွဲအတိုင်း ဖောကားတစ်စီး၊ ကားလေးတစ်စီး၊ ဆိုင်ကယ်လေးစီးဖြင့် အင်အား ၄၀ ခန့် လိုက်ပါလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို မကျီးကုန်းကျေးရွာတောင်ဘက်အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် ဆွဲမိုင်းအပြင် ကြိုတင်ပြင်ဆင်ထားသည့် တိုက်မိုင်းများပါကွဲပြီး စစ်ကောင်စီယာဥ်အချို့ ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း Chauk Revolution Army-CRA က အသိပေး ထုတ်ပြန်သည်။

Public Service Announcement
“ဒိီကောင်တွေက မိုင်းဆွဲလိုက်ရင် အောက်ကိုဆင်းပြီး ပြန်ဝပ်ပြီး နေရာယူပြန်ပစ်တာမျိုးဗျ။ အဲတာကို ကြိုသိထားလို့ မိုင်းဆွဲတဲ့ဘေးမှာ တိုက်မိုင်းတွေကြိုချထားတာပါ”ဟု CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များ တပ်ပြန်ဆုတ်သွားချိန် မိုင်းဆွဲခဲ့သည့်လမ်းပိုင်းအား သွားရောက်စစ်ဆေးရာ ကားမှန်ကွဲစများ၊ ဆိုင်ကယ်ကာဘာ အပိုင်းအစများအပြင် သွေးကွက်များကိုပါ တွေ့ရှိရကြောင်း ရဲဘော် R ကြီးက ဆက်ပြောသည်။
မိုင်းဆွဲခံရခြင်းနှင့် တိုက်မိုင်းများပေါက်ကွဲ၍ အထိနာသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းသည် ရှေ့ဆက်မတိုးရဲဘဲ သေဆုံးနှင့် ဒဏ်ရာရသူများကိုသယ်ဆောင်ကာ ချောက်မြို့ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း CRA ထံမှ သိရသည်။
အထက်ပါ စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုကို Chauk Revolution Army ( CRA ) နှင့် Kyauk Padaung Defence Force – KDF ၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
(စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲအပြီး စလေ-တောင်သာလမ်းပိုင်းတစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ – CRA)
