Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ၁၈၀,၀၀၀ ကို နေရပ်ပြန်ပိုင်ခွင့် ရှိတယ်လို့ စစ်ကောင်စီ လက်ခံ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အရေအတွက် ၁၈၀၀၀၀ ဟာ မြန်မာဖက်ကို ပြန်ပိုင်ခွင့် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ် အစိုးရဆီ အတည်ပြုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အရေအတွက် ၁၈၀၀၀၀ ဟာ မြန်မာဖက်ကို ပြန်ပိုင်ခွင့် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ် အစိုးရဆီ အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တစ်ခုအပြီး ဧပြီ ၄ ရက်နေ့မှာ အဲဒီ သဘောတူညီမှုအကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအဖွဲ့ ခေါင်းဆောင် မူဟာမက် ယူနွတ်စ်က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် ခါလီလူအာ ရာမန်နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေတို့ရဲ့ ဆွေးနွေးမှု အပြီးမှာ ရိုဟင်ဂျာ ၁၈၀၀၀၀ ဟာ နေရပ်ပြန်ခွင့် ရှိတယ်လို့ မြန်မာဖက်က အသိပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့ ထိုင်းကို ရောက်နေကြတာပါ။

ဘင်္ဂလားဒေ့ရှ်ဟာ နေရပ်ပြန်ပို့ဖို့ အဆိုပြုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၈၀၀၀၀၀ ရဲ့ စာရင်းကို ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ခြောက်သုတ်ခွဲပြီး မြန်မာဖက်ကို ပေးပို့ထားခဲ့ပါတယ်။ မြန်မာက နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀၀၀ နဲ့ ပတ်သက်လို့ ဓာတ်ပုံနဲ့ တခြား အသေးစိတ် ကိုယ်ရေး အချက်အလက်တွေ စိစစ်မှုကို နောက်ဆုံးအဆင့် မစတင်ခင် ယာယီ ဆိုင်းငံ့ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ အနေနဲ့ ကျန်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ သင့်မသင့် စိစစ်တဲ့ လုပ်ငန်းစဉ်တွေကို ပိုပြီး အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီဖက်က ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဖက်က အခုကိစ္စကို ကြေညာပေမယ့် စစ်ကောင်စီဆီကတော့ ဘာအသံမှ ထွက်မလာဘဲ နှုတ်ဆိတ်နေဆဲပါ။

ရိုဟင်ဂျာ ဒုက္ခသည် အများစုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှု၊ လူမျိုးသုဉ်း ရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရပြီး ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ခွင့်ရဖို့ မျှော်လင့်ချက်တွေတော့ နည်းပါးနေဆဲပါ။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အစပြုဖို့ ကြိုးစားခဲ့ပေမယ့် ရိုဟင်ဂျာတွေက ဖိနှိပ်ဆက်ဆံမှုတွေ ကြုံရမှာ စိုးရိမ်ခြင်း အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။

နှစ်တွေ အများကြီး ကြာပြီးတဲ့ နောက်မှ နာမည် ၁၈၀၀၀၀ ကိုပဲ စစ်ကောင်စီက အတည်ပြုပေးခဲ့ပြီး ဒါဟာ အပေါ်ယံ ကြည့်ကောင်းရုံ လုပ်ဆောင်ချက် တစ်ခုထက် မပိုကြောင်း၊ တကယ်တမ်း ယုံကြည်ရတဲ့ ဖြေရှင်းမှုမျိုးကို မျှော်လင့်ကြောင်း ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အားလုံးကို မြန်မာဖက်က ပြန်လက်ခံဖို့ လိုကြောင်း၊ တချို့တဝက်ကိုပဲ ရွေးနုတ်ပြီး စိစစ်လက်ခံတာမျိုး မဖြစ်သင့်ကြောင်း၊ ရိုဟင်ဂျာတွေ အနေနဲ့ နိုင်ငံသားဖြစ်ခွင့်၊ အခြေခံ အခွင့်အရေးတွေကို ရရှိပြီး ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းကင်း နေရပ်ပြန်ခွင့် ရသင့်ကြောင်း၊ အဲဒီ အခြေအနေ မဟုတ်တဲ့ ဘယ်လို သဘောတူညီမှုမျိုးမဆို ရိုဟင်ဂျာတွေ အတွက်တော့ ဘာမှ မထူးခြားကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters, Al Jazeera

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။