Connect with us

Hi, what are you looking for?

သတင်း

မြန်မာဆီပြန်ပို့ခဲ့သူ၁၅၀၀ နီးပါးထဲမှာရိုဟင်ဂျာတွေမပါဘူးလို့မလေးရှားဝန်ကြီးချုပ်ဆို

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

(မ​လေးရှားဝန်ကြီးချုပ်အန်ဝါ။ ဓါတ်ပုံ-Malaysiakini)

​အောက်တိုဘာ-၆၊၂၀၂၆။People’s Spring

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ သဘောတူညီမှုအရ မလေးရှားဟာမြန်မာဖက်ကိုရွှေ့ပြောင်းဒုက္ခသည် ၅၀၀၀ လောက် ပြန်ပို့မယ်လို့ မလေးရှား အစိုးရက ကြေညာထားပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကိုမလေးရှားဖက်က ပြန်ပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၆ ရက်နေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြန်ပို့ပေးလိုက်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မ​​လေးရှား​အောက်လွှတ်​တော်မှာပြောကြားခဲ့ပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံဆီ ဒုက္ခသည်တွေ ပြန်ပို့တာ၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေဟာဖိနှိပ်မှုတွေကြုံရနိုင်တာတွေအတွက်ဝေဖန်မှုတွေမြင့်တက်လာချိန်မှာအန်ဝါက အခုလို မှတ်ချက်ပေးခဲ့တာပါ။

မှတ်တမ်းတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါပြန်ပို့လိုက်တဲ့ထဲမှာရိုဟင်ဂျာဒုက္ခသည်တွေမပါသေးဘူးလို့အန်ဝါကဆိုပါတယ်။

ဒါပေမဲ့ မြန်မာဆီဒုက္ခသည်တွေပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ သူနဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန်တို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတောအတွင်းဒီကိစ္စအတွက် စကားပြောဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာအန်ဝါရဲ့ဖိတ်ကြားမှုကြောင့်မလေးရှားကိုအခုသီတင်းပတ်နှောင်းပိုင်းမှာ လာရောက်ဖြစ်ဖွယ် ရှိနေတယ်လို့လည်းမ​လေးရှားကီနီသတင်းဌာနက​ဖော်ပြပါတယ်။

ဒါ​ပေမယ့် မြန်မာဖက်နဲ့ ရယူထားတဲ့ သဘောတူညီမှုအရ ပြန်လည်ပို့ဆောင်မယ့်ဒုက္ခသည်တွေဟာတိုင်းရင်းသား မျိုးနွယ်စု အမျိုးမျိုးထဲက ဖြစ်နိုင်ကြောင်း၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ဒါမှမဟုတ် ရိုဟင်ဂျာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ သဘောတူထားတာဖြစ်ကြောင်း အန်ဝါက မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး အခုလို ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒနဲ့အညီ ဖြစ်တယ်ဆိုတာအပြည့်အဝအာမခံနိုင်ကြောင်း၊ဒီအခြေအနေက သူတို့ရဲ့ လုံခြုံဘေးကင်းမှု၊ သူတို့ရဲ့ လူ့အခွင့်အရေးအပေါ် အကာအကွယ် ပေးမှုတွေအပေါ် ခိုင်မာ သေချာစေမှာဖြစ်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။

ဒါ့အပြင်၂၀၂၆ဇန်နဝါရီလက​နေ အခုချိန်ထိ မြန်မာနိုင်ငံသား တစ်​သောင်း​ဝန်းကျင်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့လည်းသူကဆိုပါတယ် ။

ကုလသမဂ္ဂရဲ့အချက်အလက်တွေအရမလေးရှားနိုင်ငံက မြန်မာနိုင်ငံက ဒုက္ခသည် ၁၉၃,၀၀၀ ခန့်ကိုလက်ခံထားပါတယ်။ အဲဒီထဲမှာ ဒုက္ခသည် သုံးပုံနှစ်ပုံ​လောက်က ရိုဟင်ဂျာဒုက္ခသည်​တွေဖြစ်ပါတယ် ။အခု​​နောက်ပိုင်းမှာ မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားရတာဟာ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်လာသလို လုံခြုံရေးအန္တရာယ်လည်း စဖြစ်လာတယ်လို့ ဆိုလာပြီးပြန်ပို့ဖို့ပိုလုပ်လာတာဖြစ်ပါတယ်။

စစ်တပ်က ပြည်သူ​တွေကိုဗုံးကြဲသတ်ဖြတ်တာအပါအဝင် ပြည်တွင်းစစ်ဖြစ်​နေတာ​၊ စစ်တပ်က အဓမ္မစစ်သားသစ်စု​ဆောင်း​နေတာစတာ​တွေကြောင့် ဒုက္ခသည်​တွေ မြန်မာနိုင်ငံပြန်ပို့တာဟာ အန္တရာယ်များပြီး ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အ​ရေးကာကွယ်​ရေးအဖွဲ့​တွေကတိုက်တွန်း​နေကြပါတယ် ။

ကိုးကား – Malaysiakini ၊ Reuters

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်တပ်ရော၊ အာရက္ခတပ်တော် (AA)နဲ့ပါ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေကြောင်း ​ပြောပါတယ်။

သတင်း

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း မြန်မာအပေါ် စွပ်စွဲထားတဲ့ အမှုကို နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

Facebook