Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကို ထောက်ခံ၍ ကလေးနှင့် အမျိုးသမီးများအပါအဝင်လူအများအပြားကိုသတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

ကလေးများအပါအဝင် လူပေါင်း ၁၈၀ခန့် ‌သေဆုံးနေသော ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးခဲ့သည့် တိုက်ခိုက်မှုများအား ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံလိုက်သည်။

ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုအပြီး အပျက်အစီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၅၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ကလေးများအပါအဝင် လူပေါင်း ၁၈၀ခန့် ‌သေဆုံးနေသော ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးခဲ့သည့် တိုက်ခိုက်မှုများအား ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံလိုက်သည်။

နေပြည်တော်သို့ လာရောက်ခဲ့သည့် အယ်ဂျာဇီးရား သတင်းထောက်နှင့်အင်တာဗျူးတွင် စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။

PDFများကို တိုက်ခိုက်သည်ဆိုပြီး ကလေးများအပါအဝင် အရပ်သားများထိခိုက်သေဆုံးနေသည်ကို လက်ခံပါသလားဟု မေးမြန်းမှုအပေါ် ဇော်မင်းထွန်းက “ကလေးတွေအများကြီး ပါတယ်ဆိုတာက သူတို့က သောင်းကျန်းသူအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေထဲ ပတ်သက်နေလို့ပါ။ အဲတော့ ဟုတ်တယ် ကျနော်တို့ တိုက်ခိုက်ခဲ့တယ်”ဟု ဖြေကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဖြေဆိုနေစဉ်၌ မျက်နှာအမူအရာ ခက်ထန်တင်းမာနေပြီး ” တိုက်ခိုက်မှုဆိုမှတော့ ဘေးထွက်ဆိုးကျိုးရှိမှာပဲလေ။ ဒါက စစ်ရဲ့သဘောပဲ။ ငြင်းဆန်လို့ မရပါဘူး။ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်သမားတွေကို မထောက်ခံရင် တိုက်ခိုက်ခံရစရာ အကြောင်းမရှိပါဘူး” ဟု ထပ်မံ ဖြေကြားသွားသည်။

စစ်ကောင်စီက အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများအတွင်း တစ်ကြိမ်တည်းတွင် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ၂၀၂၃ ဧပြီလ ၁၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံထုတ်တိုက်လေယာဉ် YAK-130 ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးနှစ်လုံးကိုကြဲချတိုက်ခိုက်ခဲ့ပြီး MI-35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပတ်ချာလည်ပျံသန်းပစ်ခတ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၀၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့သည်။ ၅၀ထက်မနည်းသည် ကိုယ်လက်အင်္ဂါများဆုံးရှုံးခဲ့ပြီး မသန်စွမ်းဘဝရောက်ခဲ့သည်။

ထိုဖြစ်ရပ်သည် လေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်း မြေပြင်၌ သိုလှောင်ထားသည့်ယမ်းများ ပေါက်ကွဲခြင်းကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

“စစ်တပ်ရဲ့ ဝန်ခံလိုက်တဲ့သတင်း ကြားတယ်ဗျ။အရပ်သားသေဆုံးမှုတွေကို တာဝန်ခံဖို့ ဝိုင်းကြိုးစားပေးပါ” ဟု ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှု၌ မိသားစုဝင်သုံးဦးသေဆုံးခဲ့သူကပြောသည်။

စစ်ကောင်စီသည် လူထုတော်လှန်ရေးအတွင်း အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်း၊ ‌လက်နက်ကြီးပစ်ခတ်ခြင်း၊ မြေပြင်စစ်ကြောင်းများက သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ် မတ်လအထိ အရပ်သား သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ ဝန်ခံမှုကို နိုင်ငံတကာအနေဖြင့် မှတ်တမ်းယူထားရန် စစ်ကိုင်းတိုင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အစိုးရဆိုတဲ့စိတ်မရှိဘဲနဲ့ လူထုကို သတ်နေတာကို နိုင်ငံတကာအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်” ဟု အဆိုပါ ရဲဘော်ကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်သည် ပြီးခဲ့သည့် ဧပြီလဆန်းတွင် ငလျင်ဘေးကူညီရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့်။ ၎င်းရောက်ရှိနေချိန်တွင်ပင် စစ်ကောင်စီက အရပ်သားများအားပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခဲ့သည်။

မတ်လ ၂၈ရက်က ငလျင်ဒဏ်ကို ကူညီကယ်ဆယ်ရေးပြုလုပ်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၃၀ရက်မှ ဧပြီ ၁၂ရက်အထိ နှစ်ပတ်ကြာ ထိုးစစ်အားလုံး ရပ်တန့်ထားမည်ဖြစ်ကြောင်း မတ်လ ၂၉ရက်၌ ကြေညာခဲ့သည်။ ထို့နောက် ဧပြီ ၁၃ရက်မှစ၍ နောက်ထပ်တစ်ပတ်ကြာအပစ်ရပ်သက်တမ်းတိုးခဲ့သည်။

AA၊ MNDAAနှင့် TNLAတို့ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း တလကြာ ထိုးစစ်အားလုံး ရပ်တန့်မည်ဟု ဧပြီ ၁ ရက်တွင် ကြေညာခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကလည်း ခုခံကာကွယ်ရေးလုပ်ငန်းများမှ လွဲ၍ ထိုးစစ်များ သုံးပတ်ကြာ ရပ်တန့်မည်ဟု ဧပြီ ၂ရက်တွင်ကြေညာခဲ့သည်။ စစ်ကောင်စီက ဧပြီ ၂ရက်နေ့မှ ဧပြီ ၂၂ရက်အထိ အပစ်ရပ်ထားမည်ဟု ကြေညာခဲ့သော်လည်း လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

စစ်ကောင်စီက မတ်လ ၂၈ရက်မှ ဧပြီ ၁၁ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၁၀၂ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၁၁ဦးသေဆုံးကာ ၁၃၂ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၂ရက်တွင်ထုတ်ပြန်ထားသည်။ လက်ရှိသင်္ကြန်ကာလအတွင်းတွင်လည်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။