Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းအနီး KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတိုက်ပွဲအတွင်း သေဆုံးနေသော စစ်ကောင်စီပူးပေါင်းတပ်မှ ရုပ်အလောင်းအချို့အား တွေ့ရစဉ်။ဓာတ်ပုံ − ကချင်တောင်တန်း

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ဧပြီ ၁၅ရက်နေ့ တိုက်တဲ့အချိန်မှာ သူတို့ဘက်အထိနာတဲ့ဟာတွေရှိတယ်။ အဲဒါ သူတို့က လေယာဉ်တွေခေါ်တယ်။ ဒရုန်းတွေနဲ့ ပြန်ပြီးမှ တိုက်လာပြီး လဝါးရွာကို အကြီးအကျယ် ရွာလုံးကျွတ်လောက်မီးရှို့လိုက်ပြီ သူတို့က။ စစ်ရေးက တော်တော်ပြင်းထန်တယ်။ သူတို့က လေယာဉ်နဲ့ ဗုံးသွားကြဲနေတာ”ဟု ကချင်သတင်းရင်းမြစ်က ယနေ့ (ဧပြီ ၁၇ရက်)တွင် ပြောသည်။

လဝါးကျေးရွာကို စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဧပြီ ဒုတိယပတ်တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၃၀၀ကျော်သည် ဧပြီ ၁၃ရက်ကစ၍ လဝါးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လဝါးကျေးရွာတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA နှင့်မဟာမိတ်ပူးပေါင်းတပ်များ အနေဖြင့် ၂၀၂၄ ဒီဇင်ဘာလဆန်းကတင်းက ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် လက်ကျန် စကခ(၂၁) တပ်ဌာနချုပ်အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း သတင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့်လည်း ဗန်းမော်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာများသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဧပြီ ဒုတိယပတ်အတွင်း KIAနယ်မြေများအတွင်းသို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါးရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နှင့်တဖြေးဖြေးနီးကပ်လာနေပြီး ခုခံတိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆောင်းပါး

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာသို့ KIA ရဲဘော်များ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ် အပျက်စီးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Facebook