Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်တွင် အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ရွှေထည်ငွေကြေးအချို့နှင့်အတူ ပြန်ပေးဆွဲခံရပြီး လေးရက်ကြာသည်အထိ ပျောက်ဆုံးနေသည်။

မေ ၆၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ရွှေထည်ငွေကြေးအချို့နှင့်အတူ ပြန်ပေးဆွဲခံရပြီး လေးရက်ကြာသည်အထိ ပျောက်ဆုံးနေသည်။

မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်မှ အသက် (၃၆)နှစ် မသန်းသန်းစိုးသည် မေလ ၃ရက် နံနက်က အလုပ်ကိစ္စဖြင့် နေအိမ်မှ ထွက်ခွာသွားပြီး ပျောက်ဆုံးနေခြင်းဖြစ်သည်။

“တိုက်ခန်းဝယ်ချင်လို့ဆိုပြီး အမျိုးသမီးတစ်ယောက်ကတော့ လိုက်ပြခိုင်းဖို့ ခေါ်သွားတာ။ အဲဒီကတည်းက ပြန်မရောက်တော့တာ။ သူ့ကိုသတ်ဖို့ကြိုးစားနေတယ်လို့ ညနေ ၅နာရီခန့်မှာ အိမ်ကိုဖုန်းဆက်သေးတယ်။ ဖုန်းဆက်ပြီးနောက်ပိုင်းထဲက ဖုန်းပါပိတ်သွားတာပါ”ဟု ယင်းဖြစ်စဉ်ကိုသိသည့် မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကယ်ကြပါဦး။ ဘဲကုန်းစျေးဘက်မှာ ကျွန်မကို တိုက်ခန်းထဲ လူ(၄)ယောက် တိုက်ခန်းထဲပိတ်ပြီး ပစ္စည်းလုနေကြတယ်။ ဝိုင်းသတ်နေကြပါတယ်” ဆိုကာ ဖုန်း၀င်လာပြီးနောက် ဖုန်းစက်ပိတ်သွားပြီး အဆက်အသွယ် လုံး၀ပြတ်သွားကြောင်း မော်လမြိုင်မြို့မှ လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးထားပြီး ကူညီရှာဖွေပေးကြရန် အကူအညီတောင်းထားသည်။

မသန်းသန်းစိုးထံတွင် ငွေသား သိန်း(၃၀)ခန့် နှင့် ဆွဲကြိုး၊ ဟန်းချိန်း၊ လက်စွပ် (၂)ကွင်း၊ လက်ကောက်၊ နားကပ်တို့ပါသွားသည်ဟု ဆိုသည်။ ဒေါ်သန်းသန်းစိုးအား လိုက်လံရှာဖွေသော်လည်း ယနေ့ မေလ ၆ရက်ညနေအထိ ပြန်မတွေ့‌သေးဘဲ ရဲစခန်း၌ လူပျောက်တိုင်ထားကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်များတွင် ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ လုယက်သတ်ဖြတ်မှုများ ပိုဖြစ်နေပြီး ဧပြီလအတွင်းမှာပင် မန္တလေး၊ ရန်ကုန်၊ ဖျာပုံမြို့တို့၌ ပြန်ပေးစွဲလူသတ်မှု သုံးမှုဖြစ်ခဲ့သည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုက်ခန်းတစ်ခုတွင် တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကြီးသည်ရွှေထည်ပစ္စည်းများလုယက်ခံရပြီး သတ်ဖြတ်ခံရမှု ဧပြီ ၂၂ ရက် ညက ဖြစ်ခဲ့သည်။

ဧပြီ ၂၅ရက်ကလည်း မန္တလေးမြို့မှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ အငြိမ်းစားတက္ကသိုလ်ပါမောက္ခတစ်ဦးအား အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သတ်ဖြတ်ပြီး ရွှေထည်များယူဆောင်သွားမှုဖြစ်ခဲ့သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က အိမ်မှထွက်သွားသည့် အသက်၂၃နှစ်အရွယ်အမျိုးသမီးသည် လူသတ်အလောင်းဖျောက်ခံရပြီး ဧပြီ ၂၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခဲ့သည်။

လက်ရှိအခြေအနေသည် ရန်ကုန်မြို့အပါအဝင် မည်သည့်မြို့တွင်မှ လုံခြုံမှုမရှိတော့၍ သတိပြုနေထိုင်ကြရန် ပြည်သူအချင်းချင်းသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။