အောက်တိုဘာ-၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
သီတင်းကျွတ်ရုံးပိတ်ရက်အစမှာပဲ ဒီကနေ့ မနက်ပိုင်းက ကလောနဲ့ မော်လမြိုင်မြို့တို့မှာ အမြန်ခရီးသည်တင်ယာဉ် (Express) နဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့ရာ ခရီးသည် စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၄ နာရီ ၄၅မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ သီခေါင်တောင်အဆင်းလမ်းမှာ Express ခရီးသည်တင်ယာဉ် ၁စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။
“JJ Express ကားပါ။ မန္တလေးကနေ တောင်ကြီးတက်တာ။ ချောက်ထဲထိုးကျတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီ Express ယာဥ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၂၀)ဦးအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့မနက် (၆) နာရီခန့်ကပဲ မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ်၊ ကြားအင်းရပ်ကွက်၊ ကုတင်(၃၀၀) ဆေးရုံအနီးမှာ ဟိုက်ဂျက်ကား ၁စီး ဘီးပေါက်ကာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။
အဲဒီကားဟာ မော်လမြိုင် ခရွမ်းရှမ်းရွာကနေ ကျိုက်ခမီ ဘုရားဖူးသွားမယ့် ယာဥ်ဖြစ်ပြီး ယာဥ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား (၃)ဦး အမျိုးသမီး (၄)ဦးနဲ့ ကလေး(၄)ဦး စုစုပေါင်း(၁၁)ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူမှုကူုညီရေးအဖွဲ့တွေက ထပ်မံအသိပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ကုတင်(၃၀၀)ဆေးရုံကြီးနဲ့ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ လာမယ့် အောက်တိုဘာ ၂၆ရက်မှာ ကျရောက်တာဖြစ်ပြီး ယနေ့ကတည်းက ကျိုက်ထီးရိုး၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး စတဲ့ဒေသတွေကို ခရီးသွားတွေ လာရောက်နေကြပြီး ဟိုတယ်တွေ ပြည့်တဲ့အထိ ဧည့်များနေတယ်လို့ သိရပါတယ်။

















































