ဇွန်-၁၉၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာပျူခေါင်းဆောင်တဦးအပါအဝင် စစ်အုပ်စုဝင်တွေကို တစ်ပတ်ကြာစောင့်ဆိုင်းပြီးနောက် တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ (၁၇)ရက်ညနေ ၆ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနဲ့ ခေါင်းကွဲကျေးရွာကြားမှာစစ်အုပ်စုဝင်တွေကိုတိုက်ခိုက်ခဲ့ရာပျူစောထီးခေါင်းဆောင် မင်းသိုက် အပါအဝင် ရုရှားပြန် သုံးပွင့်ဗိုလ်ကြီး ပြည့်ဖြိုးကျော်နဲ့ တပ်သားပိုင်စိုးတို့ သေဆုံးခဲ့ပါတယ် လို့ဆိုပါတယ်။ဒါ့အပြင်တပ်ကြပ်ကြီး မုတ်ဆိတ်ဆိုသူလည်း ပြင်းထန်ဒဏ်ရာရပြီး မြင်းခြံဆေးရုံမှာ ဆေးကုနေရကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က အသိပေးပါတယ်။
အခုစစ်ဆင်ရေးပြုလုပ်ဖို့ MBT တပ်ဖွဲ့ ၇ ဦးက ရန်သူ့စခန်းတွေကြားမှာ တစ်ပတ်တိတိ စောင့်ဆိုင်းခဲ့ရတယ်လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement
“လက်နက်တော့မရဘူးဗျ။ပျူရွာတွေကြားမှာမို့။ ဆယ်မိနစ်ပဲကြာတာ။အသွားရောအပြန်ရောမှ။”လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပျူခေါင်းဆောင်မင်းသိုက်ဟာမြင်းခြံနယ်မှာ နာမည်ကြီးပျူခေါင်းဆောင်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး သူ့ရုပ်အလောင်းကိုပျူခေါင်းဆောင်နောက်တဦးဖြစ်တဲ့သီတာယုမွန်ကိုယ်တိုင် သင်္ဂြိုလ်ပေးမယ်လို့ သိရပါတယ်။
ပျူခေါင်းဆောင်နဲ့အဖွဲ့ ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ပြုလုပ်နေပြီး မနေ့က ဇွန်လ (၁၈)ရက် နေ့လယ်ပိုင်းက နဘူးအိုင်ရွာတောင်ဘက်ကို လေယာဉ်နဲ့ ဗုဲးကြဲလို့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်လို့ မြင်သာရွာက ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


















































