ဇွန် – ၂၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက ကျေးရွာ သုံးရွာကို ဒီနေ့ (ဇွန်လ ၂၂ ရက်) မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအဖ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံကသိရပါတယ်။
မနက်အစောပိုင်း ၁ နာရီ ခန့်မှာ မြင်းခြံ – ဆီမီးခုံ လမ်းပိုင်းမှာရှိတဲ့ မရိုးကုန်း ၊ ရွာရှည်နဲ့ ကျားတိုင်းကျေးရွာ တို့ ဗုံးကြဲတိုက်ခိုက်ခံရတာပါ။
ဗုံးကြဲခံရတဲ့အချိန်ဟာ လူအများအိပ်မောကျချိန်လည်းဖြစ်ပါတယ်။ အဲဒီရွာတွေဟာ ရွာချင်းဆက်နေပြီး ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တာလို့သိရပါတယ်။

Public Service Announcement
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မရိုးကုန်းကျေးရွာက အသက် ၈၀ အရွယ် ဦးပေါငြိမ်းနဲ့ သမီးဖြစ်သူ အသက် ၄၀ ခန့် မခင်မိုးဆွေ တို့နေရာမှာတင် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြည်သူ ကိုး ဦးထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေနေမှာရှိနေပါတယ်။
ဗုံးကြဲခံရတဲ့အထဲပါတော့ ရွာရှည်ရွာကတော့ နေအိမ်ငါးလုံး ပျက်စီးသွားပြီး ခိုင်းနွားနှစ်ကောင် သေဆုံးတယ်လို့သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ရွာတွေမှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့က အသိပေးပါတယ်။
ပြီးခဲ့တဲ့ရက် ဇွန်လ ၁၈ ရက် မနက် ၁၁ နာရီခန့်ကလည်း မြင်းခြံ – မြို့သာလမ်းပိုင်း မှာရှိတဲ့ နဘူးအိုင်ကျေးရွာ တောင်ဘက် က သိမ်ကုန်းကျေးရွာအနီး ဗုံးကြဲခံရပြီး ရွာထိပ် ရေကန်မှာ ငါးမျှားနေတဲ့ အရပ်သား အမျိုးသား တစ်ဦးသေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီး ၊တောင်သာ ၊မြင်းခြံမြို့နယ်တွေထဲကကျေးရွာတွေအပြင် နယ်ချင်းထိစပ်နေတဲ့ ငါန်းဇွန်မြို့နယ် ၊ မလှိုင်မြို့နယ် ရှိ ရွာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။


















































