ဇူလိုင်-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA)မှ တပ်ဖွဲ့ဝင်၁၇ဦးသည် တပ်ဖွဲ့တွင် ဖိနှိပ်မှုများကိုမခံနိုင်၍ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံလက်နက်ချအလင်းဝင်ရောက်လာသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသမှ ခန္တီးခရိုင် အမှတ် ( ၁) ၊ အမှတ် (၂) ၊ အမှတ် (၃) ၊ အမှတ် (၄) တပ်ရင်းနှင့်ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊တိုက်နယ် (၃)ပကဖ၊ တိုက်နယ် (၅)ပကဖထံသို့ လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်လာခဲ့ခြင်းဟု ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။
“ဟုမ္မလင်းနယ်ထဲမှာ ဒေသခံတွေကို အတင်းအကြပ်စုဆောင်းပြီး ရှေ့တန်းကိုပို့နေတာမျိုးတွေများတယ်။ အခု အလင်းဝင်လာတာက SNA တပ်ရင်း ၇၅၃က များတယ်။ တပ်ထဲမှာ ခွဲခြားဆက်ဆံတာတွေ၊ ဖိနှပ်တာတွေ မခံနိုင်လို့ထွက်ပြေးလာကြတာလို့ သိရတယ်။ အသက်ကြီးကြီးတွေရော၊ အသက်ငယ်ငယ်တွေရောပါတယ်”ဟုခန္တီးခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
အလင်းဝင်လာသူများအားဂုဏ်ပြုပြီး ဆုကြေးငွေများပေးအပ်ခြင်းနှင့် ယူဆောင်လာသောလက်နက်များအပ်နှံခြင်းအခမ်းအနားကိုဇူလိုင်လ ၅ ရက်နေ့က ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ ပင်လုံခန်းမတွင်ကျင်းပခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ရေးအတွက် ကျန်နေသေးသော စစ်သားများ၊ SNA ပြည်သူ့စစ်ရဲဘော်များအနေဖြင့်နီးစပ်ရာတပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်အလင်းဝင်ရောက်နိုင်ပြီး ကြိုဆိုနေမည်ဖြစ်ကြောင်းလည်းဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်သည့် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်မှ မြို့နယ်များတွင် SNA တပ်ဖွဲ့မှတစ်ဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန်ရေးအင်အားစုများ၏တိုက်ခိုက်မှုများကို ခုခံနေသည်။ စစ်သားစုဆောင်းခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်မှုများရှိနေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း SNAတပ်ဖွဲ့ဝင် ကိုးဦးသည် လက်နက်များဖြင့် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံအလင်းဝင်ခဲ့ဖူးသည်။ ဇွန်လ၁၅ရက်ကလည်း SNA တပ်မဟာ(၆၁၄) မှ ရဲဘော်တစ်ဦးသည် M 23 သေနတ်တစ်လက်နှင့်ခဲယမ်းများယူဆောင်ကာ ကသာခရိုင်အမှတ်(၄)တပ်ရင်းထံ အလင်းဝင်ခဲ့သည်။




























































