ဇူလိုင်-၁၉၊၂၀၂၅။လူအေး/People’s Spring
လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးတက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။
အဆိုပါဖြစ်စဉ်သည် ပဲခူးမြို့ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယမန်နေ့(ဇူလိုင် ၁၈ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“နယ်မြေ(၅)ထဲတင် ဖြစ်တာ။ ပဲခူးမှာ မီးအမြဲပြတ်နေတာ။ အခုကျ မီးခဏလာချိန်လေးဓာတ်လိုက်လို့ ကလေးတစ်ယောက်သေဆုံးရတာ ရပြီ။ အခုဖြစ်တာကို လျှပ်စစ်ဌာနက လာတောင်မကြည့်ဘူးဗျာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူကလေးငယ်သည် Grade-1 ကျောင်းသားဖြစ်သည်။ လမ်းမပေါ် ဓာတ်ကြိုးပြတ်ကျနေ၍ လာရောက် ရှင်းလင်းပေးရန် ပဲခူးမြို့ လျှပ်စစ်ဌာန(EPC)အား ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးမြို့တွင် ၂၀၂၄ ဇူလိုင်ကလည်း ပဲခူးမြစ်ရေမြင့်တက်ပြီး မြို့ထဲရပ်ကွက်အချို့ ရေကြီးနေစဥ် ရေထဲပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနေပြည်တော်မှလွဲ၍ မြန်မာနိုင်ငံဒေသအနှံ့မြို့နယ်များမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသည်။ ယင်းပြဿနာကို စစ်ကောင်စီက ဖြေရှင်းခြင်းမရှိပေ။


















































