စက်တင်ဘာ-၁၁၊၂၀၂၆။ရောင်နီ/People’s Spring
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဒီနေ့မနက် ၆နာရီလောက်ကတည်းက မီးတွေပြတ်တောက်နေတာဖြစ်ပြီး နေ့လည် ၁၁ နာရီလောက်မှာ မီးပြန်လာခဲ့ပါတယ်။
“မီးက တနိုင်ငံလုံး နီးပါး ပျက်နေတာ တော်တော်ကြာပြီ။ အခုမီးပွိိုင့်တွေပါ ပျက်လို့ ယာဥ်ကြောပိတ်တာတွေပါ ဖြစ်ကုန်တယ်။ System Breakdown ဖြစ်တယ်လို့ ပြောတာပဲ။ တနေကုန်နီးပါး ပျက်နေတော့ ဘာအလုပ်မှတောင် လုပ်လို့အဆင်မပြေဘူး။ တိုင်းပြည်ကလည်း မိုးရွာရင် ရေကြီးလိုက်၊ မီးပြတ်ရင် ပွိုင့်ပျက်လိုက်နဲ့ ဘာတစ်ခုမှကို မကောင်းပါဘူး” လို့ ရန်ကုန်မြို့မှ အဌားယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

Public Service Announcement
မနက်အစောမှာ မီးပြတ်သွားတာဖြစ်တာကြောင့် CNG နဲ့ပြေးဆွဲရတဲ့ YBS တွေ ပုံမှန်ထက် အရေအတွက်နည်းသွားတယ်လို့လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ကားဆက်ကတော်တော်ပြတ်တာ။ မီးပျက်တော့ CNG မရတာကြောင့်ဖြစ်နိုင်တယ်” လို့ ၎င်းက ပြောပါတယ်။
မီးပျက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်တာကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdownဖြစ်တာဖြစ်ပြီး ပြင်ဆင်ချိန် ၂နာရီကြာမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ၅ နာရီကျော်ကြာမီးပြတ်ခဲ့တာဖြစ်ပါတယ်။
“မနက်အစောကတည်းက မီးပျက်နေတော့ ထမင်းလာဝယ်သူတွေများတယ်။ ထမင်းဖြူတော်တော်ရောင်းရတယ်”လို့ စမ်းချောင်းမြို့နယ်ကထမင်းဆိုင်တစ်ဆိုင်က ပြောပါတယ်။
နေ့လည် ၁၁ နာရီ ကျော်မှာ ပြန်လာတဲ့လျှပ်စစ်မီးက နေ့လည် ၁ နာရီခွဲလောက်မှာ ထပ်မံပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာတော့ မနက်အစော မီးပျက်တဲ့ အချိန်ကတည်းက ညနေပိုင်းအထိမီးပြန်မလာသေးဘူးလို့ ဒေသခံတွေက ပြောထားပါတယ်။
ဒီတစ်ကြိမ်မှာလည်း လျှပ်စစ်ဝန်ကြီးဌာနဘက်က မီးပြတ်ရတဲ့အကြောင်းကို System Breakdown လို့ ထုတ်ပြန်ထားပြီး ဓာတ်အားရရှိရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
“မီးအားတွေတအားကျပြီး ပျက်သွားတာ။ တဖျတ်ဖျတ်နဲ့ မီးလုံးတွေဆို။” လို့ နေ့လည်ပိုင်း မီးပျက်သွားချိန်ကအခြေအနေကို လှိုင်မြိုနယ်မှာနေထိုင်သူကပြောပါတယ်။
မီးပျက်နေတာနဲ့အတူ ဒေသအချို့မှာ အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ PDF တွေက စစ်တပ်ရဲ့တံတားဦးလေတပ်ကတိုက်လေယာဥ်တွေကို ဒရုန်းနဲ့တိုက်ခိုက်ပြီးတိုက်လေယာဥ်တွေထိခိုက်ပျက်စီးမှုတွေဖြစ်လာပြီးနောက် နာရီပိုင်းအကြာမှာ နိုင်ငံတစ်ဝန်း မီးပျက်နေတာ ဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံတစ်ဝန်းပါတ်ဗုံးကြဲနေပြီး ပြည်သူထောင်ပေါင်းများစွာသေဆုံးစေခဲ့တဲ့ စစ်တပ်ရဲ့လေတပ်တိုက်ခိုက်ခံရတဲ့အပေါ် ပြည်သူအများစုက ပျော်ရွှင်ကျေနပ်နေကြပါတယ် ။



















































