သြဂုတ်-၁၄၊ ၂၀၂၅။ People’s Spring
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အမြစ်တွယ်နေမှုကို သတိချပ်ဖို့နဲ့ တရားဝင်မှုပေးခြင်းကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အရေးတကြီး လိုအပ်နေကြောင်း ကမ္ဘာတဝန်းဒီမိုကရေစီပံ့ပိုးမြှင့်တင်ရေးအဖွဲ့ International IDEA က သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ အဖွဲ့နာမည်အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းအပေါ် International IDEA အဖွဲ့က လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ‘ဆိုးကျိုးဖြစ်ပေါ်မှုမရှိစေရေး (do no harm)’ နည်းလမ်းကို ကျင့်သုံးဖို့ တိုက်တွန်းပါတယ်။
ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ ဌာနချုပ်ရုံးနဲ့ နိုင်ငံပေါင်း ၁၉နိုင်ငံမှာ ရုံးတွေ ဖွင့်လှစ်ထားတဲ့ International IDEA ဟာ မြန်မာစစ်အာဏာရှင် စီစဥ်ထားတဲ့ ရွေးကောက်ပွဲကို ဘယ်လို နည်းပညာ၊ ပစ္စည်း ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုတွေကိုမျှ မပေးအပ်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းထားပါတယ်။

Public Service Announcement
ဒါပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအဝင် မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်နေမှုကို ထပ်လောင်းအသိအမှတ်ပြုဖို့နဲ့ နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။
လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းလိုက်နာတဲ့အနေနဲ့ အားလုံးပါဝင်မှုရှိတဲ့ ဆွေးနွေးပွဲတွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ လက်ရှိအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဥ်တို့ကို ပံ့ပိုးကူညီဖို့လည်း International IDEA က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကို နှစ်နိုင်ငံကြားဖြစ်စေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေမှာ ဖြစ်စေ ဆက်ဆံပတ်သက်နေခြင်း၊ စစ်တပ်ကို တရားဝင်မှုပေးခြင်းတို့ကို ကာကွယ်တားဆီးဖို့အတွက် နိုင်ငံတွေ အကြား သံတမန်ရေးအရ လှုံ့ဆော်အသိပေးမှုတွေကို တိုးမြှင့်ဖို့ International IDEA က တောင်းဆိုပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP ၊ ဥရောပကော်မရှင် European Commission ၊ ဥရောပကောင်စီ Council of Europe၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW တို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ မိတ်ဖက်ဖြစ်တဲ့ International IDEA ဟာ မြန်မာ့ဒီမိုကရေစီအနာဂတ်ကို ကူညီပံ့ပိုးပေးမယ့် သက်ဆိုင်သူတွေ အားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆက်လက်ကတိကဝတ်ပြုပြီး ဒီမိုကရေစီအဖွဲ့အစည်းတွေကို အကာအကွယ်ပေးရေး၊ အားလုံးပါဝင်မှုရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆက်လက် ထောက်ခံအားပေးလှုံ့ဆော်သွားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။


















































