Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးအမှုနှင့်ဆက်စပ်၍ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို NUGဖမ်းဆီးစစ်​ဆေး

CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးအမှုနှင့်ပတ်သက်၌ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ အမိန့်ဖြင့် ဖမ်းဆီးစစ်​ဆေး​နေသည်။

ဗားရ်တံတားတွင် မူးယစ်​ဆေးဝါးများသယ်လာ​​သောကားကို CDF ဟားခါးကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CDF-ဟားခါး

သြ​ဂုတ်-၃၀၊၂၀၂၅။လူအေး/People’s Spring

CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးအမှုနှင့်ပတ်သက်၌ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ အမိန့်ဖြင့် ဖမ်းဆီးစစ်​ဆေး​နေသည်။

ဖိုးဇေဟု လူသိများသည့်ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူး ဇေယာဌေးကိုကို သြဂုတ်လ၂၆ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်း NUG နှင့်​မြေပြင်မှ သတင်းရင်းမြစ်အချို့က​အတည်ပြုသည်။

“MODရဲ့ ညွှန်ကြားချက်နဲ့ ဖိုး‌ဇေကို ဖမ်းသွားတာပါ။ မြေပြင်မှာပွတ်တိုက်မှုတချို့တော့ရှိခဲ့တယ်။ဒါပေမယ့်သေချာညှိနှိုင်းပြီးထိန်းသိမ်းလိုက်ပါတယ်”ဟု ယင်းမာပင်ခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

MOD အောက်ရှိ ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၈ရက်တွင် CDFဟားခါးက ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို MODတရားရေးနှင့်စစ်စည်းကမ်းထိန်းသိမ်းရေးဌာနက ကိုင်တွယ်စစ်ဆေးခဲ့ပြီး နှစ်လနီးပါးအကြာတွင် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူးကို ဖမ်းဆီးစစ်​ဆေး​နေခြင်းဖြစ်သည်။

NUG ၊ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က “ဟုတ်ပါတယ်ဗျ ။အဲဒီမူးယစ်​ဆေးဝါးဖမ်းမိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်စပ်သံသယရှိတဲ့သူ​တွေကို ဆက်လက်ဖမ်းဆီးပြီး​တော့စုံစမ်းစစ်​​​ဆေး​နေလျက်ရှိတာဖြစ်ပါတယ် ။အဲဒီမှာလည်းပဲ ခရိုင်တပ်ရင်း ၁၄ တပ်ရင်းမှူး သူကလည်း သံသယစာရင်းထဲမှာပါနေတဲ့အတွက် ​ကြောင့်မို့ဖမ်းဆီးပြီး​တော့စုံစမ်းစစ်​​ဆေးမှု​​တွေ ပြုလုပ်သွားမှာဖြစ်ပါတယ် ။ ​ပေါ်​ပေါက်မှုအ​ပေါ်မူတည်ပြီး​တော့ ဥပ​ဒေနဲ့အညီအ​ရေးယူသွားမှာဖြစ်ပါတယ်”လို့ ​ပြောပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နှင့် တပ်ရင်း(၁၅)သည် MOD အောက်၌ မစုစည်းရသေးခင်က Salingyi Special Task Force(SSTF) အနေဖြင့်ဒေသကာကွယ်ရေးတပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CDF ဟားခါးဖမ်းဆီးခဲ့‌ကြောင်း သတင်းထွက်လာပြီးနောက်ရဲဘော်လေးယောက်၊ ​သေနတ်နှစ်လက်၊ ကား နှစ်စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်သော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်ဖြစ်သည်ဟု Salingyi Special Task Force(SSTF)က ဇူလိုင်လ ၁၀ရက်၌ ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးနေပြီး ထွက်ပြေးလွတ်မြောက်နေသော ‌ရဲဘော်အချို့ကိုလည်းဖမ်းဆီးပြီး ထိရောက်သော ပြစ်ဒဏ်ပေးအပ်မည်ဟု အသိပေးခဲ့သည်။ အဆိုပါအမှုကို အပြည့်အ၀တာဝန်ယူဖြေရှင်း‌ပေးသွားမည်ဖြစ်ပြီး MOD ဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဟု SSTF က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသည့် ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)တပ်ရင်းမှူး ဇေယာဌေးသည် အသက် ၃၀ခန့်ရှိပြီဖြစ်သည်။ထိုအမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း လူမှုကွန်ရက်မှတဆင့် မကြာခဏ ပြောကြားထားသည်။

” တော်လှန်ရေးစတုန်းကတော့တော်တော်ကို တော်တဲ့သူ။ အဖွဲ့တွေကိုစုစည်းပြီးအကူအညီတွေပေးခဲ့တာ။ နောက်ပိုင်းတော့ သူ ဘာတွေဖြစ်သွားတယ်မသိဘူး။ မူးယစ်ဆေးမှုကို အခုလို အရေးယူတာ ကျတော်တို့က ကြိုဆိုတယ်။ တော်လှန်ရေးကာလမှာ တော် လှန်ရေးကို အာရုံစိုက်ရမယ်”ဟု ယင်းမာပင်ခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေထံ မူးယစ်ဆေးသွားရောင်းမယ့် အမျိုးသား ၂ ဦးကို ဆေးပြားတွေနဲ့အတူ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။