အောက်တိုဘာ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring
ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်က KTV တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိတဲ့အထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦး နဲ့ စစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေပြီး အမှုတွဲကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့စုံစမ်းသိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊(၈)ရပ်ကွက်၊ စက်မှု(၆)လမ်းပေါ်မှာရှိတဲ့ KTV တစ်ခုကိုမူးယစ်ရဲတပ်ဖွဲ့ကအောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်မှာ ဝင်ရောက် စစ်ဆေးစဉ် စုစုပေါင်း၂၃ ဦးကိုဖမ်းမိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ အာဏာသိမ်းစစ်တပ်ကဗိုလ်မှူးတစ်ဦး ပါဝင်နေတာလို့ ရန်ကုန်မြို့မှာရှိနေတဲ့ တရားရေးသတင်း ရင်းမြစ်ကပြောပါတယ်။
” ဖမ်းခံထိတာအမှန်ပဲ။ နေပြည်တော်တရားရေးရုံးချုပ်အထိ ကွိုင်တက်နေတယ်”လို့ ၎င်းကပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရတဲ့အထဲမှာ အုတ်ဖိုမြို့နယ်တွဲဖက် တရားသူကြီး ဒေါ် နွယ်နီမြင့်၊ ဖြူးမြို့နယ်တွဲဖက်တရားသူကြီး ဒေါ်အိမ့်မှူးခင် နဲ့အတူ စစ်တပ်မှဗိုလ်မှူးတစ်ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။
“ရန်ကုန်က ဘားတွေ၊ ကေတီဗီတွေကို ဝင်စစ်မယ်လို့သတင်းကရပြီးသား။ ဒါကြောင့်ရန်ကုန်ကလူတွေကဒီရက်မသွားဘူး။ရှောင်ကြတယ်။အခုကနယ်ကတက်လာပြီး ကမျင်းကြောထကြတာ။လူတွေကို သူတို့အခန်းထဲက အများဆုံးမိတာ “လို့ ရန်ကုန်သတင်းရင်းမြစ်ကပြောပါတယ်။
၎င်းတို့ဆီကနေယခုနောက်ပိုင်းလူငယ်အများစုသုံးနေတဲ့ Happy Water နဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းထားတယ်လို့လည်းသိရပါတယ်။
အဆိုပါအမှုကို တရားမစွဲဆိုခင် အမျိုးသမီးတရားသူကြီးနှစ်ဦးနဲ့ စစ်တပ်ကဗိုလ်မှူးကို ချပ်လှပ်ပြီးအမှုတည်ဆောက်ဖို့အပြင် ဌာနတွင်းစုံစမ်းစစ်ဆေးဖို့သာ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ တရားရေးသတင်းရင်းမြစ်က People’s Spring ကိုပြောပါတယ်။
“အမှန်ကKTV နဲ့ နယ် မြေရဲနဲ့ကအချိတ်အဆက်ရှိပြီးသား။အခုကကြ မူးယစ်ရဲဘက်ကနေအရင်ဝင်လိုက်တာမှာဖမ်းခံထိတာ။တရားသူကြီးမတွေ ည ၁ နာရီအထိကေတီဗွီမှာ အုပ်စုဖွဲ့ရှိနေတာက ဘယ်လောက်တောင်ပျက်စီးနေတယ်ဆိုတာသာ ကြည့်တော့”လို့ အထက်ပါတရားရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်ထက်မှာ တရားသူကြီးတွေဟ စစ်အာဏာရှင်တွေအလိုကျ အမိန့်ချနေကြပြီး အကျင့်စာရိတ္ထပျက်စီးနေသလို အဂတိတိုက်စားမှုတွေလည်းအလွန်ဆိုးရွားနေတယ်လို့ တရားရေး အသိုင်းအဝိုင်းကပြောပါတယ်။
မန္တလေးမြို့မှာလည်း စစ်တပ်ကအရာရှိတွေကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေများနေပြီး နောက်ဆက်တွဲ ပြသာနာတက်တဲ့အခါမျိုးမှာသာ စစ်တပ်ကဖမ်းဆီးစစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကသိရပါတယ်။



















































