စက်တင်ဘာ-၉၊၂၀၂၅။People’s Spring
မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အခြေစိုက် လုပ်ငန်းလည်ပတ်နေတဲ့ ဆိုက်ဘာ ရာဇဝတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်က ကြေညာခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စက်ကွင်းထဲ ကျရောက်သွားတဲ့ထဲမှာတော့ မြန်မာနိုင်ငံက စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) အမည်ပြောင်း KNA ခေါင်းဆောင်စောချစ်သူ နဲ့အတူ ရွှေကုက္ကို ကိုအတူ တည်ထောင်လုပ်ကိုင်ခဲ့တဲ့ She Zhijiang ၊ BGFထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ အခု ၂၀ လောက်ရဲ့ နာမည်တွေ ပါဝင်နေပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရအမေရိကန်ရဲ့ ပိတ်ဆို့ စာရင်းထဲမှာ မြန်မာဖက်က နာမည် ၉ ခုကတော့ လူပုဂ္ဂိုလ် ၃ ဦးနဲ့ အဖွဲ့အစည်း ၆ ခုပါ။ အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ကရင် နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် စောချစ်သူနဲ့ လုပ်ငန်းအတူလုပ်ခဲ့တဲ့ She Zhijiang ၊BGF(KNA) ခေါင်းဆောင်တွေဖြစ်တဲ့စောတင်ဝင်း၊ စောမင်းမင်းဦးတို့နဲ့ ချစ်လင်းမြိုင် ကုမ္ပဏီတို့ဟာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူခြင်းကို ခံခဲ့ရပါတယ်။ သူတို့တွေဟာ ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့် လုပ်ငန်းတွေကို ခြံဝင်းကျယ်ကြီးတွေနဲ့ လည်ပတ်ခွင့် ပြုပြီး အကာအကွယ် ပေးထားကြောင်း အမေရိကန်က ဖော်ပြထားပါတယ်။

Public Service Announcement
ဓါတ်ပုံ- စစ်ကောင်စီ၊ BGF၊ မြန်မာရထိုက်
She Zhijiang ဟာ Yati လုပ်ငန်းစုရဲ့ပိုင်ရှင်ဖြစ်သလို ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်မှုနဲ့ ထိုင်းနိုင်ငံဖမ်းဆီးခံရပြီးထောင်ကျနေသူဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူခံရတဲ့ လုပ်ငန်းတွေကတော့ချစ်လင်းမြိုင်ကုမ္ပဏီလိမိတက် ၊ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီခိမိတက် ၊ချစ်လင်းမြိုင် Mining & Industry ကုမ္ပဏီလိမိတက် ၊မြန်မာ ရတီ ကုမ္ပဏီ ၊ရွှေမြင့်သောင်ရင်းIndustry & Manufacturing ကုမ္ပဏီ နဲ့ မြန်မာရထိုက်နိုင်ငံတာကုမ္ပဏီလုပ်ငန်းစု (Myanmar Yatai International Holding Group Co., LTD) တို့ဖြစ်ပါတယ်။
စောမင်းမင်းဦးက မြန်မာရထိုက်ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သလို ၊စောတင်ဝင်းဟာ ရွှေမြင့်သောင်ရင်းIndustry & Manufacturing ကုမ္ပဏီမှာ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။
အမေရီကန်စိုးရက ၂၀၂၅ ခုနှစ်၊ မေလတုန်းကလည်း စောချစ်သူနဲ့ သူ့ရဲ့သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး၊ စောချစ်ချစ်တို့ကိုဒဏ်ခတ်အရေးယူခဲ့ပါတယ် ။ဒါအပြင် BGF အသွင်ပြောင်း KNA ကိုလည်း ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာထားတာပါ။
အမေရိကန်ရဲ့ ပစ်မှတ်ထားမှုဟာရွှေကုက္ကို အခြေစိုက် ကျားဖြန့်ရပ်ဝန်းကို အဓိကပစ်မှတ်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ရွှေကုက္ကိုဟာ သောင်ရင်းမြစ်ကမ်းဘေး ရွာငယ်လေး တစ်ခု ဘဝကနေ ၈ နှစ်တာအတွင်း တရားမဝင် ကာစီနိုတွေ၊ ကျားဖြန့်ဂိုဏ်းတွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ၊ ဒုစရိုက်ဂိုဏ်းတွေနဲ့ စည်ကားတဲ့နယ်မြေတစ်ခုအဖြစ် ပြောင်းလဲလာတယ်လို့ အမေရိကန်က ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ရှိနေတဲ့ ရွှေကုက္ကိုမြို့ အခြေစိုက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၉ ခု၊ ကမ္ဘောဒီးယား နိုင်ငံထဲက ၁၀ ခုကို ဘဏ္ဍာရေးနဲ့ သံတမန်ရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။
အရှေ့တောင်အာရှက ငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန် ပြည်သူတွေရဲ့ ဘဏ္ဍာရေးနဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ထိပါးရုံသာ မကဘဲ ထောင်သောင်းချီတဲ့ လူပုဂ္ဂိုလ်တွေကို ခေတ်သစ် ကျေးကျွန်စနစ်ထဲ သွတ်သွင်းပြီး အဓမ္မ ခိုင်းစေနေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။ အဲဒီ လုပ်ငန်းတွေဟာ အမေရိကန် ပြည်သူတွေဆီက ဘီလီယံနဲ့ချီ များပြားတဲ့ ဒေါ်လာငွေတွေကို လှည့်ဖျားခိုးယူသွားတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျားဖြန့် လုပ်ငန်းတွေရဲ့ ဌာနချုပ်တွေ သဘောမျိုး ဖြစ်လာခဲ့ပါတယ်။အဲဒီလုပ်ငန်းအများစုကို တရုတ် ဒုစရိုက် ဂိုဏ်းတွေက ကြိုးကိုင်ပြီး နှစ်စဉ် ကမ္ဘာအနှံ့က ပစ်မှတ် သားကောင်တွေဆီကနေ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေကို လိမ်လည် ရယူနေခဲ့ပါတယ်။
တရုတ်အစိုးရဟာလည်း ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီနဲ့ အိမ်နီးချင်း ထိုင်းအစိုးရကို ဖိအားပေးထားပါတယ်။ ဒါပေမဲ့ ရွှေကုက္ကို အပါအဝင် နယ်စပ်တဝိုက်မှာ ကျားဖြန့် လုပ်ငန်းတွေကတော့ ဆက်ပြီး လည်ပတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား – Al Jazeera























































