နိုဝင်ဘာ – ၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
မြ၀တီမြို့တစ်မြို့လုံးကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားနိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရဲ့ လုံခြုံရေးကို အရင်က ကရင်နယ်ခြားစောင့်တပ်(BGF)အဖွဲ့က အဓိကတာဝန်ယူထားပေမယ့် သင်္ဃန်းညီနောင်ကို ပြန်သိမ်းပြီး မြ၀တီမြို့ကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ မြို့ရဲ့ အဓိကကျတဲ့ နေရာတော်တော်များမှာ လုံခြုံရေးဝင်ယူလိုက်တာပါ။
မြ၀တီမြို့ကို အပြည့်အ၀ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ညစဉ်ညတိုင်း ကင်းလှည့်လည်မှုတွေ လုပ်ဆောင်ရာ လမ်းမှာတွေ့တဲ့လူငယ်တွေကို ဖမ်းဆီးခဲ့တဲ့အတွက် လူငယ်တွေအများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အထူးသဖြင့် မြ၀တီမြို့ပေါ်မှာရှိတဲ့ ကေတီဗွီ၊ ဟိုတယ်၊ လောင်းကစားရုံ၊ ဂိမ်းရုံ၊ အလုပ်ရုံ စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပြီး အခြားဒေသကနေ လာရောက်အလုပ်လုပ်နေတဲ့ လူငယ်ပိုင်းတွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်ကောင်စီတပ်ရင်း ခလရ(၂၇၅)ထဲကို ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“စစ်မှုထမ်း(ဖမ်းတာ)တော့ရှိတယ်၊ မိရင်တော့ အပြင်လူတွေမိတာများတယ်၊ မြ၀တီသားတွေ သိပ်မမိဘူး၊ မြ၀တီသားတွေပေးသွားလိုက်တယ်တဲ့။ တခါတလေကျရင် ညဘက် ၁၀ နာရီကျော်တာတို့ တံတား ၂ ဘက်မှာ သွားနေတာတို့ဘာတွေတွေ့ရင် ကုပ်(ဖမ်း)သွားလိုက်တယ်၊ သူတို့(စစ်တပ်) လှည့်ကင်းခေါ်လိုက်တယ်” လို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း မြ၀တီမြို့တွင်းမှာ ည ၉ နာရီကျော်လွန်ပါက စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တို့က ကား ၁၀ စီးခန့်နဲ့ မြို့ပတ်ကင်းလှည့်ပြီး လမ်းမှာတွေ့တဲ့လူတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ညစဉ်လုပ်ဆောင်နေခဲ့ကာ ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ ပြန်ရွေးဖို့မလွယ်တော့ဘူးလို့ ပြောပါတယ်။
ဒါကြောင့် လူငယ်လူလတ်ပိုင်းတွေအနေနဲ့ အသွားအလာသတိပြုကြဖို့ ၊ အပြင်ကိုမထွက်တာကောင်းတယ်လို့ မြ၀တီမြို့ခံတွေက သတိပေးပြောဆိုနေကြတာတွေ ရှိပါတယ်။


















































