နိုဝင်ဘာ-၁၀၊၂၀၂၆။ရောင်နီ/People’s Spring
စစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်သစ်စတင်ချိန် တိုင်း ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ်လေ့ရှိပြီး အခုလထဲမှာတော့ လမ်းမပေါ်တွေမှာ ဖမ်းဆီးတာတွေ လုပ်လာတာကြောင့် သတိထားကြဖို့ မြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးပါတယ်။
“ခုလ ပထမ ၁၀ ရက်ထဲ လမ်းပေါ် အဆွဲအရမ်းလုပ်တာတွေ ပြန်များလာပါတယ်ဗျ။ စမ်းချောင်းဘက်ဆို လူကြားထဲပါ ဝင်ဆွဲတာ၊ ဗီဒီယိုတွေပါ ဖေ့စ်ဘွခ်တ်ပေါ်ပျံ့သွားတဲ့ထိပါပဲ။ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၃၀အတွက် လိုက်ဆွဲနေကြတာပါ၊ သင်တန်းကတော့ နိုဝင်ဘာ ၁၆ ရက်နေ့လောက် စမယ်လို့ ယူဆပါတယ်။ အဲ့မတိုင်ခင် ကြားထဲ လူအဆွဲအရမ်းတွေ များနေလိမ့်မယ်လို့ ထင်ပါတယ်ဗျ။”လို့ RSN ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂ရက်ကနေ ၈ ရက်အထိ တစ်ပတ်တာအတွင်း မြို့နယ် ၅ ခုမှာ ဖမ်းဆီးခံရသူ ၈ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူတွေမှာ လမ်းမပေါ်ကနေ ဖမ်းဆီးခံရသူ ၆ဦးနဲ့ နေအိမ်တွင်းအထိဝင်ရောက်ဖမ်းဆီးခံရတာ ၂ ဦးရှိတယ်လို့ ဆိုပါတယ်။
“ဒီရက်ပိုင်းထဲ ညမှောင်ချိန် အပြင်သွားလာတာ၊ လူပြတ်ချိန် သွားလာတာ၊ ၁ ယောက်စ ၂ ယောက်စ သွားလာတာတွေ ပိုဆင်ခြင်ကြဖို့ ပြောချင်ပါတယ်။ ဆွဲရင်လည်း ရသမျှ အော်ဟစ်အကူအညီတောင်းဖို့၊ ရုန်းကန်ဖို့ နဲ့ ကိုယ်အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းကို အလွတ်ကျက်ထားဖို့လည်း လိုပါတယ်။ အပြင်မှာ ဆွဲနေတဲ့အပြင် အိမ်ထိလာခေါ်တာတွေလည်း လုပ်နေတာမို့ ရပ်ကွက်ထဲလည်း အခြေအနေတွေ နားစွင့်ထားဖို့၊ တခုခုဆို ချက်ချင်းယာယီရှောင်လို့ရအောင် ပြင်ဆင်ထားကြဖို့ မှာချင်ပါတယ်ဗျ။” လို့ စစ်တပ်ရဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး RSN ကအကြံပြုထားပါတယ်။




















































