နိုဝင်ဘာ-၂၅၊၂၀၂၅။မိထက်/People’s Spring
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့က ချောင်းအတွင်း ရေဆင်းကူးရင်း ၉ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသားလေးဦးအနက် နှစ်ဦးရဲ့ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက် မနက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အမျိုးသားလေးဦးဟာ မြဝတီမြို့က ချောင်းဆုံတံတားအောက်မှာ နိုဝင်ဘာ ၁၇ရက်က ရေကူးရင်း ရေနစ်ပျောက်ဆုံးသွားတာပါ။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဲဒီကတည်းကလုပ်ခဲ့ပေမယ့် မတွေ့လို့ နိုဝင်ဘာ၂၄ရက်မှာ ရှာဖွေရေးရပ်နားခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာ ရုပ်အလောင်း နှစ်လောင်းပြန်ပေါ်လာတယ်လို့ သတင်းရလို့ လူမှုရေးအဖွဲ့တွေက သွားရောက် ဆယ်ယူခဲ့ပါတယ်။ချောင်းဟာ စက်ယန္တရားတွေနဲ့သဲ တွေစုပ်ထားလို့ ကြမ်းပြင်မညီတော့ဘဲ ရုပ်အလောင်းတွေဟာ သဲတွေနဲ့ညပ်နေဖွယ်ရှိတယ်လို့ မြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

Public Service Announcement
တွေ့ရှိတဲ့ရုပ်အလောင်းတွေကို လူမှုကူညီရေးအဖွဲ့တွေက ဆေးရုံကိုပို့ဆောင်လိုက်ပါတယ်။
အမျိုးသားလေးဦးရေနစ် ပျောက်ဆုံးတဲ့သတင်းကိုတော့ သူတို့ထဲကတစ်ဦးရဲ့ ဖုန်းမှတ်တမ်းကနေ အတည်ပြုနိုင်ခဲ့တာပါ။အဲဒီနေ့က ရေပြိုင်ကူးနေသူ လေးဦးထဲက တစ်ဦးက ဖုန်းကင်မရာနဲ့ ရုပ်သံရိုက်နေစဥ် တစ်ဦးက ရေနစ်သွားလို့ ဖုန်းပိတ်ပြီး ပြေးဆယ်တာမှာ သူတို့အားလုံး ရေစီးနဲ့မျောပါနစ်မြုပ်သွားတာလို့ ဒေသခံကပြောပါတယ်။
ဖုန်းကိုတော့ ချောင်းစပ်ကနေ တွေ့ရတာလို့ သိရပါတယ်။
















































